အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ယောက်ဟာ မျက်လုံးပန်းရောင်သမ်းတဲ့ မျက်မြှေးရောင်ခြင်း အပါအဝင် အပျော့စားလက္ခဏာတွေ ခံစားရပြီးနောက် သူ့မှာ ကြက်ငှက်တုပ်ကွေး ရောဂါရှိနေတာ တွေ့ရှိခဲ့ကြောင်း ကော်လိုရာဒိုပြည်နယ် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ နို့စားနွား မွေးမြူရေးခြံ ဝန်ထမ်းဖြစ်ပြီး ရောဂါပိုးရှိတဲ့ ကျွဲနွားတွေနဲ့ ထိတွေ့ရာက ကူးစက်ခဲ့တာလို့ ယူဆရပြီး ဗိုင်းရပ်စ် ပိုးသတ်ဆေးနဲ့ ကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
ဒါဟာ မတ်လတုန်းက နွားတွေမှာ ဗိုင်းရပ်စ်ရှိနေတာ အတည်ပြုနိုင်ခဲ့ပြီးနောက် အမေရိကန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ လူကို ကူးစက်မှု စတုတ္ထ မြောက် ဖြစ်ပါတယ်။ အရင်ကဖြစ်ပွားခဲ့မှုမှာလည်း နို့စားနွားမွေးမြူရေးလုပ်သားတွေပါဝင်ပြီး ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။
ပထမအလုပ်သမားနှစ်ယောက်ဟာ ပန်းရောင်မျက်လုံးလက္ခဏာ ပေါ်ပေါက်ခဲ့ပြီး တတိယကူးစက် သူမှာ အပျော့စား အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ရှိခဲ့ပါတယ်။
အများပြည်သူအတွက် အန္တရာယ် နည်းပါးနေသေးတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ အတည်ပြု ထားပါတယ်။
အမေရိကန်စိုက်ပျိုးရေးဌာနအဆိုအရ ပြည်နယ် ၁၂ ခုက မွေးမြူရေးခြံ ၁၃၉ ခုက နွားတွေမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး ကော်လိုရာဒိုမှာလည်း အဲဒီရောဂါဖြစ်ပွားနေတဲ့ ကျွဲနွား ၂၇ ကောင် ရှိတယ်လို့ သိရပါတယ်။
