ဗင်နီဇွဲလားနိုင်ငံအပေါ် ဝါရှင်တန်က လေးစားသမှုရှိကြောင်း ပြသမယ်ဆိုရင် အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိတယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။
ကာတာ သဘောတူညီချက်အရ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ လမ်းဖွင့်ထားတယ်လို့ မာဒူရိုက ပြောခဲ့တာပါ။
ဗင်နီဇွဲလားနဲ့ အမေရိကန်တို့ဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းက ကာတာနိုင်ငံမှာ လအတန်ကြာ စေ့စပ်ညှိနှိုင်းခဲ့ပြီး နောက် အကျဉ်းသား လဲလှယ်ရေးသဘောတူညီချက် ရရှိခဲ့ပါတယ်။
ဆွေးနွေးပွဲကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စတင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလက ရေနံပိတ်ဆို့မှု ပြန်လည်ချမှတ်ပြီးနောက် အမေရိကန်ဟာ ကာတာသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ မာဒူရိုအစိုးရက စွပ်စွဲခဲ့ပါတယ်။
ဗင်နီဇွဲလား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် ကာတာစင်တာရဲ့ အစီရင်ခံစာကို လွန်ခဲ့တဲ့ တစ်လက ရထားပြီး ထုတ်ပြန်ဖို့ မွမ်းမံမှု တချို့သာ လိုတယ်လို့ မာဒူရိုက ပြောပါတယ်။
ကာတာစင်တာကတော့ ဗင်နီဇွဲလားရွေးကောက်ပွဲရလဒ် ဒါမှ မဟုတ် ရလဒ်စစ်မှန်မှုကို အတည်ပြုနိုင်ခြင်း မရှိဘူးလို့ ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ မာဒူရိုဟာ အာဏာ တည်မြဲဖို့ ရွေးကောက်ပွဲလိမ်လည်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန်ဘီလီယံနာ အီလွန်မတ်စ်က စွပ်စွဲခဲ့ပြီး သူနဲ့ မာဒူရိုအကြား တင်းမာမှုတွေ ကြီးထွားလာခဲ့ပါတယ်။