နျူကလီးယား အစီအစဥ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးမှာ မဟုတ်ပေမယ့် အိုမန်နိုင်ငံက တစ်ဆင့် ကြားခံဆွေးနွေးသွားဖို့ အသင့်ရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ဧပြီ ၇ မှာ ပြောကြားထားတာကို Reuters သတင်းမှာ ဖော်ပြလာပါတယ်။အိုမန်အစိုးရကတစ်ဆင့် စေ့စပ်ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ထရမ့်ကို အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ အာရာဂ်ချီက ပြောဆိုခဲ့တာပါ။

အီရန်ရဲ့ အဆိုပြုချက်အပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ အာရာဂ်ချီက ပြောပါတယ်။ အိုမန်ကို ကြားခံထားပြီး ဆွေးနွေးပွဲတွေ လုပ်ဖြစ် မယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကပဲ အဲဒီဆွေးနွေးပွဲတွေကို တာဝန်ယူသွားမယ်လို့ အာဘတ်စ် အာရာဂ်ချီက ပြောထားကြောင်းကိုလည်း အီရန်အစိုးရ သတင်းတွေက ဖော်ပြပါတယ်။အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်လို့ တရုတ်-ရုရှား-အီရန် သုံးနိုင်ငံက ကိုယ်စားလှယ်တွေ မော်စကိုမြို့တော် မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့လည်း ရုရှားနဲ့ အီရန် သတင်းတွေက ဖော်ပြထားပါတယ်။