အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းက မြို့ကြီးတွေမှာ ခံစားနေရတဲ့ အပူဒဏ်ဟာ အနောက်ဘက်ကမ်းရိုးတန်း အထိ အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လာတဲ့အတွက် ဇွန် ၂၃ ရက်က အရှေ့ဘက်ကမ်းရိုးတန်းမှာ အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတစ်ဝန်း လူသန်း ၁၀၀ ကျော်ဟာ အပူဒဏ် သတိပေး ချက်အောက်မှာ ရှိနေပါတယ်။
အပူချိန်မြင့်မားမှုကြောင့် အန္တရာယ်ဖြစ်နိုင်ခြေဟာ အမေရိကန်အနောက်ဘက် ကမ်းရိုးတန်းအထိ ချဲ့ထွင်လာနေတာပါ။ ဝါရှင်တန်ဒီစီက ဂျော့ဂ်ျတောင်းရပ်ကွက်နဲ့ ဘော်စတွန်၊ မက်ဆာချူး ဆက်မှာ နေထိုင်သူတွေဟာ ရေပန်းတွေနဲ့ သဘာဝစမ်းရေတွေမှာ အအေးခံနေကြရပါတယ်။

ဘာလ်တီမိုးနဲ့ ဖီလာဒယ်ဖီယားမှာ တနင်္ဂနွေနေ့က အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ခန့်အထိ စံချိန်တင်မယ်လို့ ခန့်မှန်းရပြီး အိုင်ဒါဟို၊ မွန်တာနာနဲ့ ဝေးမွန့်ပြည်နယ်တွေမှာ ပုံမှန်ထက် ၉ ဒီဂရီစင်တီဂရိတ်ကျော် မြင့်တက်နိုင် ပါတယ်။
အဲဒီနောက် လွန်ကဲအပူရှိန်ဟာ ဇွန် ၂၄ ရက်မှာ နီဘရာစကာနှင့် ကန်းဆက်ပြည်နယ်ဘက် ရွှေ့ပြောင်း သွားမယ်လို့ အမျိုးသားမိုးလေဝသဌာန (NWS) က ထုတ်ပြန်ခဲ့ပါတယ်။ စိုထိုင်းဆများတဲ့ ဖီလာဒယ်ဖီးယားမှာ ဆိုရင် ပုံမှန်အပူချိန်ထက် ပိုပူသလိုခံစားရပြီး အပူအညွှန်းကိန်း ၄၁ ဒီဂရီစင်တီဂရိတ်ထက် ပိုပူလာနိုင်လို့ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။