သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ ဂျူးအခြေချနေထိုင်မှု တိုးချဲ့တာကို ဆန့်ကျင်တဲ့ စက်တင်ဘာ ၆ ရက် ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်-တာ့ရှ်ကစ် နှစ်နိုင်ငံသူတစ်ဦးဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA က ဖော်ပြပါတယ်။
၂၆ နှစ်ရွယ် အီဆန်နာ အီဂီ သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအဖြစ် ပြောဆိုရှုတ်ချခဲ့ပြီး တူကီယဲသမ္မတ ရီဆက်တေယစ် အာဒိုဂန်က အစ္စရေးရဲ့ရိုင်းစိုင်းတဲ့လုပ်ရပ်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ ဦးခေါင်းဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံကို ရောက်ရှိလာခဲ့ပြီး ပြန်လည်ရှင်သန်အောင် မကုသနိုင်ခဲ့ဘူးလို့ နက်ဘ်လူရှိ ရာဖီဒါဆေးရုံ အကြီးအကဲက ရိုက်တာကို ပြောပါတယ်။
နက်ဘ်လူမြို့အနီးက ဘိုင်တာအရပ်မှာ တက်ကြွလှုပ်ရှားသူတွေ ပုံမှန်ချီတက်ဆန္ဒထုတ်ဖေါ်မှုအတွင်း အခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
ဆန္ဒထုတ်ဖော်သူတွေကို အခြေချနေထိုင်သူတွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာတွေ မြင်တွေ့ခဲ့ရတယ်လို့ WAFA က ထုတ်ပြန်ခဲ့ပါတယ်။
အနောက်ဘက်ကမ်းက ပါလက်စတိုင်းကျေးရွာတွေကို အစ္စရေးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန်အပါအဝင် အနောက် မဟာမိတ်တွေကြားမှာ ဒေါသတွေ ကြီးထွားလာခဲ့ပါတယ်။
အနောက်ဘက်ကမ်း မြောက်ပိုင်းက ဂျစ်ရွာကို အခြေချနေထိုင်သူ ၁၀၀ လောက်က တိုက်ခိုက်ခဲ့လို့ ကမ္ဘာတစ်ဝန်း ရှုတ်ချမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အကြမ်းဖက်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိသူ ဘယ်သူ့ကိုမဆို မြန်မြန်ဆန်ဆန် အရေးယူမယ်လို့ အစ္စရေးအစိုးရက ကတိပြုပြီးနောက် သောကြာနေ့မှာ ပစ်ခတ်သေဆုံးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။