သမ္မတအာဒိုဂန်ရဲ့ အဓိကပြိုင်ဘက် အစ္စတန်ဘူလ် မြို့တော်ဝန် အီမာမိုဂလူရဲ့ X ဆိုရှယ်မီဒီယာအကောင့်ကို တူကီယဲအာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။အီမာမိုဂလူဟာ တူကီယဲက အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ(CHP)က ဖြစ်ပြီး အာဒိုဂန်ကို ဖြုတ်ချနိုင်မယ့် ပြိုင်ဘက်အဖြစ် ရှုမြင်ခံထားရသူပါ။

သူဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ တူကီယဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံရပြီးနောက် သူ့ရဲ့ X အကောင့်မှာ ရှေ့နေတွေကနေတစ်ဆင့် နေ့စဉ် ပို့စ်တွေ တင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖောလိုးဝါ ၉ ဒသမ ၇ သန်းရှိတဲ့ သူ့ရဲ့ X အကောင့်ကို တူကီယဲနိုင်ငံတွင်းကနေ ဝင်ရောက်လို့ မရတော့ဘူး ဖြစ်ပါတယ်။X အကောင့်ဟာ အီမာမိုဂလူအနေနဲ့ သူ့ကို ထောက်ခံသူတွေနဲ့ အဓိက ဆက်သွယ်တဲ့နေရာဖြစ်ပြီး ဒီအကောင့်ကို ပိတ်ဆို့တာဟာ အီမာမိုဂလူကို ပျောက်ကွယ်သွားအောင် လုပ်တာပဲလို့ အတိုက်အခံတွေက ပြောပါတယ်။

တူကီယဲ သမ္မတ ရွေးကောက်ပွဲကို လာမယ့် ၂၀၂၈ မှာ ကျင်းပမှာဖြစ်ပြီး အီမာမိုဂလူဟာ အာဒိုဂန်ကို အနိုင်ရမယ် လို့ သဘောထားစစ်တမ်းတွေက ဖော်ပြထားပါတယ်။ X ရဲ့ပိုင်ရှင် ဘီလီယံနာ အီလွန်မတ်စ်ဟာ အာဒိုဂန်ရဲ့ တောင်းဆိုချက်အရ နိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံအသံကို တိတ်ဆိတ်စေခဲ့တယ်လို့ လေ့လာသုံးသပ်သူ တွေက ဝေဖန်နေကြပါတယ်။ အီမာမိုဂလူ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့တဲ့မတ်လထဲမှာ ဆယ်စုနှစ်တစ်ခုကျော် အတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေးတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၀၀၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။