ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အစ္စရေးဟာ ပြင်းထန်တဲ့ ပြစ်ဒဏ် ခတ်ခံရဖို့အတွက် အကြောင်းပြချက်တွေ ရှိနေပြီလို့ အီရန်ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီက ပြောပါတယ်။
အီရန်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ဟားမာ့စ်ခေါင်းဆောင် သေဆုံးမှုကို လက်စားချေဖို့က တီဟီရန်ရဲ့ တာဝန်ဖြစ် တယ်လို့ ခါမေနီက ပြောဆိုကြောင်း အီရန်သတင်းချန်နယ် IRIB က ဖော်ပြပါတယ်။
အစ္စရေးကတော့ မှတ်ချက် မပေးသေးသလို တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အခြေအနေကို အကဲဖြတ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပေမယ့် အစ္စရေးအရပ်သားတွေအတွက် လုံခြုံရေး လမ်းညွှန်ချက် အသစ်တွေ မထုတ်ပြန်သေးပါဘူး။
အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက် များတဲ့ တိုက်ခိုက်မှုနောက်ကွယ်က ဟစ်ဇ်ဘိုလာထိပ်တန်းတပ်မှူးကို လုပ်ကြံခဲ့ကြောင်း အစ္စရေးက ပြောဆိုခဲ့ပြီး ၂၄ နာရီ မပြည့်ခင် တီဟီရန် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာပါ။
တိုက်ခိုက်မှုကို ရှုတ်ချဖို့ တီဟီရန်တက္ကသိုလ်အနီးမှာ လူအုပ်ကြီး စုဝေးခဲ့ကြပါတယ်။
လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး မိုဂျ်တာဘာ အမာနီကလည်း ဟားမာ့စ်ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အီရန်က သေချာပေါက် လက်တုံ့ပြန်မယ်လို့ အစ္စရေးကို သတိပေးခဲ့ပါတယ်။