အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းနယ်စပ်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို ချေမှုန်းဖို့ အကန့်အသတ်ရှိတဲ့ မြေပြင် စီးနင်းတိုက်ခိုက်မှုတွေ စတင်ပြီလို X လူမှုကွန်ရက်မှာ အောက်တိုဘာ ၁ ရက် အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဆင်ရေး Northern Arrows ကို အခြေအနေ အကဲဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသနဲ့ တခြားစစ်တလင်းတွေနဲ့အပြိုင် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘေရွတ်လေဆိပ်နားက ဟစ်ဇ်ဘိုလာဒုံးကျည်ပစ်စင်တွေကို လေကြောင်းကနေ တိုက် ခိုက်တဲ့ ဗိဒီယိုကို အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့ည သန်းခေါင်ကျော်လောက်မှာ လက်ဘနွန်မြို့တော် တစ်ခွင် ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။
ပုံမှန်အားဖြင့် လူနေထူထပ်တဲ့ တောင်ပိုင်း ဆင်ခြေဖုံးတွေထဲက သတ်မှတ် အဆောက်အအုံတွေကို ဖြိုခွင်းမယ်လို့ အစ္စရေး စစ်တပ်က စက်တင်ဘာ ၃၀ ရက်ညက သတိပေးထားခဲ့ပါတယ်။
အဲဒီအဆောက်အအုံတွေကို ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့က အသုံးပြုနေပြီး ဒေသခံတွေ ထွက်ခွာဖို့ အမိန့်ပေးနေပါတယ်။
တနင်္လာနေ့မှာ မြေပြင် ကျူးကျော်မှုဖြစ်မှာကို စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီးနောက် လက်ဘနွန်တပ်တွေဟာ အစ္စရေးနယ်စပ်က ပြန်လည် ဆုတ်ခွာသွားကြောင်းနဲ့ အစ္စရေးစစ်သားတွေ လက်ဘနွန်ကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် အရာရှိတစ်ယောက်က ပြောဆိုခဲ့ပါတယ်။