ဂါဇာကမ်းမြှောင်ရဲ့ သမိုင်းဝင် ဒုက္ခသည်စခန်း ရှစ်ခုအနက်တစ်ခုဖြစ်တဲ့ အဲလ်ရှာတီဒုက္ခသည်စခန်းက နေအိမ်တွေကို အစ္စရေးကတိုက်ခိုက်ခဲ့လို့ လူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ ဟားမာ့စ်မီဒီယာရုံး ညွှန်ကြားရေးမှူး အစ္စမေးလ် အဲလ်- သောဝဘက်ဘ်တာက ဇွန် ၂၂ ရက်က ပြောပါတယ်။

မကြာသေးခင်ကပဲ အစ္စရေးတိုက်လေယာဉ်တွေဟာ ဂါဇာစီးတီးကဟားမာ့စ် စစ်ဘက်အခြေခံအဆောက်အအုံ နှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ အစ္စရေးထုတ်ပြန်ချက်အပေါ် ဟားမာ့စ်က မှတ်ချက်မပေးခဲ့ပါဘူး။ ဒါပေမယ့် အစ္စရေးဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဒီ့အတွက် ပြန်ပေးဆပ်စေရမယ်လို့ ကတိပြုခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗီဒီယိုဖိုင်မှာ ရှာတီဒုက္ခသည်စခန်းက လမ်းတွေပေါ်မှာ ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေ၊ နံရံတွေပေါက်ပြဲပြီး အပျက်အစီးတွေ ဖုန်မှုန့်တွေ ပြည့်နေတဲ့ နေအိမ်တွေကို မြင်ရပါတယ်။

ဟားမာ့စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်စီးနင်းခဲ့လို့ လူပေါင်း ၁၂၀၀ ဝန်းကျင် သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော် ဂါဇာကို ဖမ်းခေါ်သွားရာက အစ္စရေးရဲ့ မြေပြင်နဲ့ လေကြောင်း စစ်ဆင်ရေးတွေ တန်ပြန်ပေါ်ပေါက်စေခဲ့ပါတယ်။

အစ္စရေးထိုးစစ်ကြောင့် ဂါဇာတစ်ခွင်ပျက်စီးခဲ့ပြီး နောက်ဆုံး ၂၄ နာရီအတွင်း ၁၀၁ ဦး အပါအဝင် ပါလက်စတိုင်း ၃၇၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။