ဂါဇာကမ်းမြောင်မှာ သြဂုတ် ၁၄ ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွေ ထိခိုက်မှု မြင့်တက်နေပြီး ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိထားတဲ့ ကလေးငယ်အများအပြား အပါအဝင် လူနာတွေဟာ နာဆာ ဆေးရုံကို ရောက်ရှိလာပါတယ်။
ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓဟူးနေ့ အထိ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပြီး အများစုမှာ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ဖြစ်တယ်လို့ ပါလက် စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကလေးငယ်တွေ အတွက် သွေးတွေရွှဲနစ်နေတဲ့ ဒဏ်ရာရလူကြီးတချို့ကို ဆေးရုံခုတင်ပေါ်တွေက ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

ဂါဇာမှာ တိုက်ပွဲတွေ ရပ်တန့်ခြင်းမရှိသေးဘဲ အစ္စရေးတပ်ဖွဲ့တွေက ခန်းယွန်းနစ္စအရှေ့ဘက်က နေအိမ်တွေကို ဖောက်ခွဲခဲ့ပြီး မြို့ရဲ့ ဗဟိုနဲ့ အရှေ့ဘက်ဧရိယာတွေမှာ တင့်ကားတွေနဲ့ ပစ်ခတ်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်လို့ မြို့နေသူတွေက ပြောပါတယ်။
အစ္စရေးဘက်ကတော့ သြဂုတ် ၁၃ ရက်က တဲလ်အဗစ်မြို့ကို ဟားမာ့စ်တွေရဲ့ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ခဲ့တာဖြစ်ပြီး ဂါဇာအလယ်ပိုင်း၊ ခန်းယွန်းနစ္စနဲ့ တောင်ပိုင်း ရာဖာဒေသတွေက ဒုံးပစ်စင်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ် ၄၀ ကို ၂၄ နာရီကျော်ကြာ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။