ယီမင်က ဟူသီတွေဟာ အီရတ်က အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့နဲ့ ပူးတွဲပြီး အစ္စရေးနိုင်ငံမြောက်ပိုင်း ဟိုင်ဖာ ဆိပ်ကမ်းက သင်္ဘောလေးစင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲတယ်လို့ ဇွန် ၂၃ ရက် အစောပိုင်းက ပြောဆိုခဲ့ပါတယ်။
နှစ်ဖွဲ့ပူးပေါင်းပြီး ဟိုင်ဖာဆိပ်ကမ်းက ဘိလပ်မြေတင်သင်္ဘောနှစ်စင်းနဲ့ ကုန်တင်သင်္ဘောနှစ်စင်းတို့ကို ဇွန် ၂၂ ရက် က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယက်ယာဆော်ရာက ပြောပါတယ်။
သင်္ဘော တွေဟာ သိမ်းပိုက်ခံ ပါလက်စတိုင်း ဆိပ်ကမ်းတွေအတွင်း ဝင်ရောက်ခြင်းဆိုင်ရာတားမြစ်ချက်ကို ချိုးဖောက်တဲ့ ကုမ္ပဏီတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်ကတော့ မှတ်ချက်ပေး တုံ့ပြန်တာ မရှိသေးပါဘူး။

ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှု ပြသတဲ့အနေနဲ့ သင်္ဘောတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဟူသီတွေဟာ မြေထဲပင်လယ်က Shorthorn Express သင်္ဘောကိုလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဟူသီရဲ့ စစ်ဆင်ရေးနှစ်ရပ်စလုံးအတွက် သီးခြားအတည်ပြု ချက် မရှိသေးပါဘူး။ အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေဟာ သင်္ဘောလမ်းကြောင်းတွေမှာ နိုဝင်ဘာလက မောင်းသူမဲ့လေယာဉ်နဲ့ ဒုံးကျည်တွေ ပထမဆုံး ပစ်လွှတ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေအတွင်း သင်္ဘော နှစ်စင်းကို နှစ်မြုပ်ခဲ့သလို တခြားသင်္ဘောတစ်စင်းကိုလည်း သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။