အစ္စရေးခေါင်းဆောင်တွေကို လုပ်ကြံဖို့ ကြံစည်မှုအပါအဝင် အီရန်နဲ့ ဆက်ဆံတယ်လို့ စွပ်စွဲခံထားရတဲ့ အစ္စရေး အမျိုးသားတစ်ယောက်ကို တရားရုံးတစ်ခုရှေ့မှောက် စက်တင်ဘာ ၁၉ ရက်က ပို့ဆောင်ခဲ့ပါတယ်။
အီရန်နောက်ခံ ပြု လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ်မှာ ပါဝင်ပတ်သက်မှု သံသယနဲ့ အစ္စရေး နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးခဲ့ တယ်လို့ ကြာသပတေးနေ့ အစောပိုင်းမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။
အဲဒီသူဟာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါလန့် ဒါမှမဟုတ် ရှင်းဘက် ပြည်တွင်း ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲတို့အပေါ် လုပ်ကြံသတ်ဖြတ်နိုင်ခြေကို ဆွေးနွေးဖို့ အီရန်မှာ အနည်းဆုံး အစည်းအဝေးနှစ်ကြိမ် တက်ရောက်ခဲ့တဲ့ တူကီယဲက စီးပွားရေးသမားတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ရှင်းဘက်နဲ့ အစ္စရေးရဲတပ်ဖွဲ့တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့လကတည်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သံသယရှိခံရသူ အစ္စရေးနိုင်ငံသားရဲ့ ရှေ့နေက သူ့အမှုသည်ဟာ နိုင်ငံ့လုံခြုံရေးကို သစ္စာဖောက်တာ ဒါမှမဟုတ် ထိခိုက်စေတယ်လို့ သံသယရှိဖွယ်ရာကို အတည်မပြုနိုင်ဘူးလို့ ဘီအာရှေဘာ တရားရုံး အပြင်ဘက်မှာ သတင်း ထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးနယ်စပ်မှာ ပြင်းထန်တဲ့ ပဋိပက္ခတွေနဲ့အတူ ထောက်လှမ်းရေးစစ်ပွဲကို မီးမောင်းထိုးပြနေပါတယ်။
အစ္စရေးမှာ ထောက်လှမ်းရေးသတင်း တွေ စုဆောင်းဖို့နဲ့ အကြမ်းဖက်မစ်ရှင်တွေ လုပ်ဆောင်ဖို့ အီရန်က ကြိုးပမ်းနေတာကို နောက်ဆုံးဖမ်းဆီးမှုက ပြသနေတယ်လို့ ရှင်းဘက်အဖွဲ့က ပြောပါတယ်။