အစ္စရေးက မတ်လ ၂၃ ရက် ညပိုင်းမှာ လက်ဘနွန်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစ္စရေးရဲ့ ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထိန်းချုပ်ရေးဌာန၊ လက်နက်သိုလှောင်ရုံတွေကို ဒုံးကျည်အများအပြားနဲ့ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်ဘက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။မတ်လ ၂၃ ရက် မနက်ပိုင်းမှာ လက်ဘနွန်ဘက်ကနေ အစ္စရေးမြောက်ပိုင်းက မြို့တစ်မြို့ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည် ၃ စင်းကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဟစ်ဇ်ဘိုလာဘက်ကတော့ အစ္စရေးကို တိုက်ခိုက်မှုဟာ သူတို့ပြုလုပ်ခဲ့တာမဟုတ်ကြောင်းနဲ့ အဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာနေဆဲလို့ ပြောပါတယ်။လက်ဘနွန်စစ်ဘက်ကလည်း ဒီဒုံးကျည် ၃ စင်းပစ်လွှတ်ခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါ
တယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကစလို့ အစ္စရေးက ဂါဇာကမ်းမြှောင်ကို ထိုးစစ်ဆင်မှုတွေ စတင်ပြုလုပ်ခဲ့ပြီး အစ္စရေးနဲ့ ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေးကလည်း ပျက်ပြားသွားပြီ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးအကြားမှာ တင်းမာမှုတွေတိုးလာပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။လက်ဘနွန်က ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ (Unifil)ကတော့ တင်းမာမှုတွေ ထပ်မဖြစ်ပွားစေဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ နှစ်ဖက်စလုံးကို တိုက်တွန်းထားပါတယ်။