အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအနေနဲ့ ဂါဇာက ဓားစာခံပြန်လွှတ်ပေးရေး သဘောတူညီချက်ရဖို့ လုံလောက်အောင် ဆောင်ရွက်ပေးမယ်လို့ မထင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါ တယ်။

ဟားမာ့စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်အတွက် အပြီးသတ် အဆိုပြုချက်တစ်ရပ်ကို သူတင်ပြဖို့ နီးကပ်လာချိန် စက်တင်ဘာ ၂ ရက်မှာ ဘိုင်ဒန်က ပြောလိုက်တာပါ။
အသက် ၂၃ နှစ်အရွယ် အမေရိကန်-အစ္စရေး နိုင်ငံသားတစ်ယောက် အပါအဝင် ဓားစာခံ ခြောက်ယောက်ရဲ့ အလောင်းတွေ ကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိသယ်ထုတ်ပြီးနောက် အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ သမ္မတဘိုင်ဒန် စကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဓားစာခံခြောက်ယောက်ကို မကြာခင်ကမှ ဟားမာ့စ်တွေက သတ်ဖြတ်ခဲ့တာလို့ အစ္စရေးက စွပ်စွဲခဲ့ပါတယ်။

ဒီအဖြစ်ကြောင့် ဘိုင်ဒန်အစိုးရရဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး မဟာဗျူဟာအပေါ် ဝေဖန်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ကျန်ရှိနေတဲ့ ဓားစာခံတွေကို နေရပ်ပြန်ပို့နိုင်အောင် အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုအပေါ် ဖိအားတွေ တိုးလာပါတယ်။
နေတန်ယာဟုက ဓားစာခံ သဘောတူညီချက်ကို ရယူဖို့ လုံလောက်တဲ့ ဆောင်ရွက်မှုပေးမယ် ထင်သလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဘိုင်ဒန်က အကျယ်တဝင့်မပြောဘဲ မထင်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
သမ္မတဘိုင်ဒန်နဲ့ ဒုသမ္မတ ကင်မလာဟဲရစ်တို့ဟာ တနင်္လာနေ့မှာ အမေရိ ကန် ဓားစာခံ သဘောတူညီချက် ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံပြီး ကျန်ရှိနေတဲ့သုံ့ပန်းတွေ လွတ်မြောက်ရေး သဘောတူညီချက်အတွက် ကြိုးပမ်းမှုတွေအကြောင်း ဆွေးနွေးဖို့ စီစဉ်ခဲ့ပါတယ်။