ပြီးခဲ့တဲ့ သီတင်းပတ်က တီဟီရန်မှာ ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် သတ်ဖြတ်ခံရပြီးနောက် အီရန်အနေနဲ့ အစ္စရေးကို သေချာပေါက် အလေးအနက်ထားပြီး အဟန့်အတားဖြစ်အောင် အရေးယူမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။
အီရန်နဲ့ ဟားမာ့စ်၊ ဟစ်ဇ်ဘိုလာလို အီရန်မဟာမိတ်အဖွဲ့တွေက ဟာနီယက်ကို ဇူလိုင် ၃၁ ရက်မှာ တီဟီရန်မှာ အစ္စရေးက သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
ဟားမာ့စ်နဲ့ အစ္စရေးတို့ကြား ဖြစ်နေတဲ့ ဂါဇာစစ်ပွဲ ၁၀ လ ကျော်လာချိန်မှာ ဟားမာ့စ် အကြီးတန်း ပုဂ္ဂိုလ်တွေကို သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီ ဟာနီယက်လည်း အဲဒီသတ်ဖြတ်မှုတွေထဲက သေဆုံးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
အစ္စရေး တာဝန်ရှိသူတွေကတော့ ဟာနီယက်လုပ်ကြံမှုအတွက် တာဝန်ရှိ ကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
အစ္စရေးကို ဟားမာ့စ်က တိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာ လမှာ စတင်ခဲ့တဲ့ ဂါဇာက ပါလက်စတိုင်း စစ်သွေးကြွတွေအပေါ် အစ္စရေးဆင်နွှဲနေတဲ့ စစ်ပွဲဟာ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခအဖြစ် တိုးမြင့်လာမှာကို စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။