အီရန်ရဲ့ မကြာသေးခင်က အစ္စရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာ ဥပဒေကြောင်းအရ တရားဝင်ပြီး အစ္စရေးရဲ့ ရာဇဝတ်မှုတွေအတွက် အနိမ့်ဆုံး ပြစ်ဒဏ်သာဖြစ်တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ ခါမေနီက အောက်တိုဘာ ၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ခါမေနီက သောကြာနေ့ ဝတ်ပြု ဆုတောင်းပွဲတရားပွဲအတွင်း ကြီးမားတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောဆိုခဲ့တာပါ။ အီရန်က အစ္စရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ငါးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပေါ်ထွက်လာပြီး ရှားရှားပါးပါး မိန့်ခွန်းပြောခဲ့တာလည်းဖြစ်ပါတယ်။
ခါမေနီရဲ့ မိန့်ခွန်းအစိတ်အပိုင်းအတော်များများမှာ ပြီးခဲ့တဲ့သောကြာနေ့က အစ္စရေးလက်ချက်နဲ့ သေဆုံးရတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာစရာလာအကြောင်း အမှတ်တရတွေ ပါရှိပါတယ်။
နာစရာလာ လုပ်ကြံခဲ့ရမှုနဲ့ ဇူလိုင်လတုန်းက တီဟီရန်မှာ ဟားမာ့စ်အကြီးအကဲ အစ္စမေးလ် ဟာနီယက် လုပ်ကြံခံရမှုတွေအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်က အစ္စရေးကို အောက်တိုဘာ ၁ ရက်မှာ ဒုံးကျည် ၂၀၀ ကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးဟာ အောက်တိုဘာ ၄ ရက်မှာ နာစရာလာကို ဆက်ခံသူလို့ ယုံကြည်ကြတဲ့ ဟာဆမ် ဆာဖီအဒင်းန်ကို ပစ်မှတ်ထားပြီး ဘေရွတ်မြို့ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဘေရွတ်ရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီက လက်ဘနွန်ပြည်သူတွေရဲ့ အခွင့်အရေးကို ထိန်းသိမ်းဖို့နဲ့ ခုခံကာကွယ်ပိုင်ခွင့်ရှိဖို့ ဂါဇာနဲ့တပြိုင်နက်တည်း အပစ်ရပ်စဲဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။