အင်္ဂလိပ်မြောက်ပိုင်းမြို့ ဆော့သ်ပို့တ်မှာ ဒါဇင်နဲ့ချီတဲ့ ဝမ်းနည်းပူဆွေးသူတွေဟာ ပြီးခဲ့တဲ့အပတ်က ဓားထိုးခံရပြီး သေဆုံးခဲ့ရသူအတွက် အမှတ်တရအနေနဲ့ သြဂုတ် ၅ ရက်က လေထဲကို ပူဖောင်းတွေ လွှတ်တင်ခဲ့ပြီး ဝမ်းနည်း ပူဆွေးမှုကို ပြသခဲ့ပါတယ်။
ဆော့သ်ပို့တ်မှာ မိန်းကလေးငယ် ၃ ယောက် သေဆုံးခဲ့တဲ့ ဓားထိုးမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးနဲ့ မွတ်ဆလင် ဆန့်ကျင်ရေးအဖွဲ့တွေ ထကြွလာပြီး မဟုတ်မမှန် သတင်းတွေ အွန်လိုင်းမှာပျံ့နှံ့စေကာ မြို့ကြီးတွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်အောင် ကြိုးပမ်းနေတဲ့ လက်ယာစွန်းရောက် ထိပ်တန်းပုဂ္ဂိုလ်တွေကို ပိုမိုဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဆူပူအုံကြွမှု စတင်ချိန်ကစပြီး လူ ၃၇၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု ကျူးလွန်သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်မယ်လို့ သတိပေးထားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲတွေက ပြောပါတယ်။

ဆော့သ်ပို့တိုက်ခိုက်မှု သံသယရှိသူဟာ ရဝမ်ဒါကနေ ဗြိတိန်ကို ပြောင်းရွှေ့လာတဲ့မိဘတွေက မွေးဖွားလာတဲ့ ၁၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူ့လုပ်ကို အကြမ်းဖက်ဝါဒစွဲလုပ်ရပ်လို့ မယူဆကြောင်းလည်း ရဲတွေက ပြောဆိုထားပါတယ်။
ဗြိတိန်တစ်ဝန်း ဈေးဆိုင်တွေကိုလုယက်မှုတွေ၊ ဗလီတွေနဲ့ အာရှသားပိုင်စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်မှုတွေနဲ့အတူ လူရာနဲ့ချီပါဝင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။