အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာမှာ ပထမဆုံး အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပဖို့နဲ့ လာမည့် (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အဆင်သင့်ဖြစ်နေကြောင်း သေချာစေဖို့အတွက် အာဏာပိုင်တွေဟာ သြဂုတ် ၁၀ ရက်က မြို့တော်သစ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
စိုက်ပျိုးရေးနဲ့ နေရာဒေသစီမံရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီးနဲ့ မြို့မိမြို့ဖအဖွဲ့ အကြီးအကဲတွေဟာ သြဂုတ် ၁၇ ရက်မှာ ကျင်းပမယ့် အခမ်းအနားတွေ မကျင်းပခင် ရေပေးဝေရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ နောက်ဆုံးစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

နူဆန်တာရာမြို့တော်သစ် စီမံကိန်းဟာ ဆောက်လုပ်ရေးနှောင့်နှေးမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးမှု၊ စီမံခန့်ခွဲ မှုနဲ့ မြေယာပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒါပေမဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အောက်တိုဘာလမှာ ရာထူးက မဆင်းခင် မြို့တော်သစ်ကို တတ်နိုင်သမျှ အပြီးသတ်ဖို့ အလျင်စလို လုပ်ဆောင်နေပါတယ်။
အပူပိုင်း ဒေသ ဘော်နီယိုကျွန်းမှာရှိတဲ့ တောတွင်းမှာ တည်ဆောက်ထားတဲ့ ဒေါ်လာ ၃၂ ဘီလီယံတန် မြို့တော်သစ် အခြေခံအဆောက်အဦ စီမံကိန်းဟာ လက်ရှိမြို့တော် ဂျကာတာကနေ ကီလိုမီတာ ၁၂၀၀ အကွာမှာ တည်ရှိတယ် လို့ သိရပါတယ်။