တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် သမိုင်းမှတ်တိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ် နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တခုထိ နက်ရှိုင်းအောင် ဆောင်ရွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်မှာ ပြောကြားလိုက်တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ဟာ တရုတ်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မျှော်မှန်းချက်တွေကို ပံ့ပိုးကူညီကြမယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အလေးပေးပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုတို့ဟာ ဧပြီ ၁၃ ရက် မှာ ဖုန်းခေါ်ဆိုပြီး ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့ခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာထားတဲ့ အမေရိကန် သွင်းကုန်ခွန်တွေကို ဆန့်ကျင်တဲ့ ဘုံစည်းမျဥ်းကို လိုက်နာဖို့အတွက် တရုတ်က တခြားနိုင်ငံတွေကိုဆွဲဆောင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

တရုတ်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးက နိုင်ငံစုံ ကုန်သွယ်မှုစနစ်နဲ့ စက်မှုကွင်းဆက် ထောက်ပံ့ရေး ကွင်းဆက်တည်ငြိမ်မှုကိုကာကွယ်ဖို့၊ ကမ္ဘာ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ အဓိကနိုင်ငံတွေကြား ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လင်ကျန်းက ပြောပါတယ်။