အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်ဝယ်ယူမှုအတွက် အနိမ့်ဆုံး အသက်ကန့်သတ်ချက်ကို ၁၈ နှစ်ကနေ ၂၁ နှစ်အထိ တိုးမြှင့်လိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်နှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ သေစေတတ်တဲ့အလေ့အထကို တားဆီးဖို့ရည်ရွယ်တဲ့ ကျန်းမာရေးစည်းမျဉ်း အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဂျိုကိုဝီဒိုဒို လက်မှတ်ရေးထိုးခဲ့တဲ့ အစိုးရစည်းမျဉ်းအရ စီးကရက်ဝယ်လိုသူတွေအတွက် အနိမ့်ဆုံးအသက်ကို ၂၁ နှစ်အထိ တိုးမြှင့်ခဲ့တာဖြစ်ပြီး လမ်းဘေး စတိုးဆိုင်တွေမှာ စီးကရက်တစ်လိပ်ချင်း ရောင်းချမှုကို တားမြစ်ခဲ့ပါတယ်။

ဒီစည်းမျဉ်းကို မြို့တော်က ဆေးလိပ်သောက်သူ အများအပြားက ထောက်ခံကြပြီး ကျောင်းသားလေးတွေ ဆေးလိပ်မသောက်အောင် ရှင်းလင်းတဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။
အင်ဒိုနီးရှားမှာ ဆေးလိပ်သောက်သူ သန်း ၇၀ ရဲ့ ၇ ဒသမ ၄ ရာခိုင်နှုန်းဟာ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်ကြားဖြစ်ပြီး အများဆုံးအုပ်စုကတော့ အသက် ၁၅ နှစ်ကနေ ၁၉ နှစ် ကြား အုပ်စုဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် စစ်တမ်းတစ်ခုအရ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုပြဋ္ဌာန်းချက်အသစ်ဟာ နှစ်နှစ်အတွင်း အသက်ဝင်လာမှာ ဖြစ်ပါတယ်။