အင်ဒိုနီးရှား၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို အရှေ့ဂျာဗားပြည်နယ် ဆီတူဘွန်ဒိုမှာ စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
ကျည်အစစ်သုံး ပစ်ခတ်ခဲ့တဲ့ အဲဒီလေ့ကျင့်ခန်းဟာ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ၊ ပြင်သစ်၊ ကနေဒါ၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်တို့ ပါဝင်တဲ့ Super Garuda Shield ၂၀၂၄ ခုနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
အခုစစ်ရေးလေ့ကျင့်မှုဟာ ၂၀၀၉ ခုနှစ်က ဘန်ဒေါင်းမှာ ပထမဆုံးကျင်းပပြီးကတည်းက ၁၈ ကြိမ်မြောက် ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေဖို့နဲ့ ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး အင်ဒိုနီးရှားနဲ့ အမေရိကန် တပ်ဖွဲ့တွေ ပူးတွဲလေ့ကျင့်ခဲ့ရာက စတင်ခဲ့တာပါ။

အင်ဒိုနီးရှားနဲ့ အမေရိကန်တပ်ဖွဲ့တွေ တောတွင်းစစ်ဆင်ရေးစွမ်းရည် မြှင့်တင်ဖို့နဲ့ ကြွယ်ဝဖို့ လေ့ကျင့်ခဲ့ကြရာက ၂၀၂၂ ခုနှစ်ကစပြီး မိတ်ဖက်နိုင်ငံတွေ ပါဝင်တိုးချဲ့လာတာ ဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ ဩဂုတ်လနှောင်းပိုင်းက ဘေဂျင်းမှာ တွေ့ဆုံပြီးနောက် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြေလျှော့ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကြားမှာ အခုစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။