ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အခုအပတ်တွင်း တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာ အကြမ်း ဖက်တိုက်ခိုက်မှု ကျူးလွန်ဖို့ ကြံစည်မှုနဲ့ လူ(၂)ယောက်ကို ဖမ်းဆီးလိုက်ကြောင်း ဩစတြီးယား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဩစတြီးယား အစိုးရက တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲတွေ ကျင်းပမဲ့ အားကစားရုံမှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဖို့ စီစဉ်မှုတွေ ရှိနေတယ်လို့ အတည်ပြုခဲ့တဲ့နောက် အခုတစ်ပတ်တွင်း ပြုလုပ်ဖို့ ရှိနေတဲ့ ဖျော်ဖြေပွဲသုံးခုကို ဖျက်သိမ်းလိုက်ရပါတယ်။
ဩစတြီးယားနိုင်ငံ တာမစ်ဇ်မြို့မှာ အသက်(၁၉)နှစ်အရွယ် ဩစတြီးယားနိုင်ငံသား တစ်ယောက်ကို ဖမ်းဆီးထားပြီး အဲဒီလူရဲ့ ထွက်ဆိုချက်အရ ဗီယင်နာမြို့တော်မှာ နောက် တစ်ယောက်ကို ထပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ အင်တာနက်ပေါ်မှာ အစွန်းရောက်ဝါဒ သွတ်သွင်းခံထားရသူတွေဆိုတာကို လေ့လာတွေ့ရှိရပြီးတော့ အသက် (၁၉)အရွယ် သံသယတရားခံဟာ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကမှ အိုင်အက်စ်အဖွဲ့ကို သစ္စာခံခဲ့တာလို့ အာဏာ ပိုင်တွေက ပြောပါတယ်။
အစိုးရရဲ့ ကြေညာချက်ထွက်ပြီး နာရီပိုင်းအကြာမှာ တေလာဆွစ်ရဲ့ ဂီတဖျော်ဖြေပွဲ စီစဉ်သူတွေက ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းကြောင်းနဲ့ လက်မှတ်တွေကိုလည်း ငွေပြန်အမ်းမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။