အကြမ်းဖက်တိုက်ခိုက်မဲ့အစီအစဉ်ကို ကြိုတင်သတင်းရရှိ ဖြိုခွင်းပြီးနောက် တေလာဆွစ်ရဲ့ ဗီယင်နာဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရချိန်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ISIL-K (အိုင်းလ်ဆင်းလ်-ကေ)အဖွဲ့ရဲ့ အကြမ်းဖက်အန္တရာယ်ကို သတိပေးလိုက်ပါတယ်။
အမေရိကန် ပေါ့ပ် မီဂါစတား တေလာဆွစ်ရဲ့ ဗီယင်နာဖျော်ဖြေပွဲကို အသေခံတိုက်ခိုက်မှုတစ်ရပ်ပြုလုပ်မဲ့ အစီအစဉ်မှာ အိုင်းဆီးလ် လို့လည်းခေါ်တဲ့ အိုင်အက်စ်အဖွဲ့က ပါဝင်ပတ်သက်နေတယ်လို့ စိစစ်တွေ့ရှိရပြီးတဲ့နောက် ကုလလုံခြုံရေးကောင်စီမှာ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ်တွေက အစီရင်ခံစာတွေမှာ ဖော်ပြခဲ့တဲ့ ဘေးရန်နှစ်ခုဟာ အခုတော့ စိတ်မချမ်းမြေ့ဖွယ်ရာ လက်တွေ့ ထင်ရှားလာခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။

ပထမဘေးရန်က နိုင်ငံရပ်ခြားမှာ အာဖဂန်အခြေစိုက် အိုင်အက်စ်-ကေအဖွဲ့က လုပ်ဆောင်မဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး ဒုတိယတစ်ခုကတော့ အိုင်အက်စ်ပင်မအမာခံအဖွဲ့အစည်း ပြန်လည်ခေါင်းထောင်လာမဲ့ ရန်ဖြစ်တယ်လို့ သူက ပြောပါတယ်။
အိုင်အက်စ်လို အကြမ်းဖက် အဖွဲ့အစည်းတွေဟာ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးချပြီး နေရာဒေသ အသီးသီးမှာ တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ လူသစ်စုဆောင်းရေးအတွက်လည်း သတင်းတုတွေအပေါ်မှာ အခြေခံတဲ့ ဝါဒဖြန့်ချိမှုတွေကိုလည်း လုပ်ဆောင်နေကြောင်း ကုလရဲ့ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် ဗလာဒီမာ ဗိုရွန်ကော့ဗ်က ပြောပါတယ်။