စက်တင်ဘာ (၇)ရက်က ပို့တ်ဆူဒန်မှာရှိတဲ့ အာဟာရချို့တဲ့ ကလေးငယ်တွေကို ပြုစုပေးနေတဲ့ ကလေးဆေးရုံကို သွားရောက်ကြည့်ရှုပြီး ဆူဒန် အကျပ်အတည်းကို ရပ်တန့်ဖို့ ကမ္ဘာ့လုပ်ဆောင်ချက် မလုံလောက်တာကို တုန်လှုပ် မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၈ ရက် သတင်းစာ ရှင်းလင်းပွဲမှာ (WHO)အကြီးအကဲ ဂါဘရီယဲဆပ်စ်က ကမ္ဘာကြီးအနေနဲ့ နိုးကြားစွာနဲ့ စစ်ဘေးသင့်ဆူဒန်ကို ကူညီ ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဆူဒန်လူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ လူ ၂၅ ဒသမ ၆ သန်းဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံလောက်မှု မြင့်မားတဲ့ အဆင့်နဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။

စစ်ပွဲ ၁၇ လကြာ မြင့်လာချိန်မှာ ဆူဒန်က အရပ်သားတွေဟာ ပိုဆိုးလာတဲ့အငတ်ဘေး၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရမှုတွေနဲ့ ရောဂါဘယတွေ ရင်ဆိုင်နေရတယ်လို့ အကူအညီပေးရေးအေဂျင်စီတွေက ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေရရှိရေး တိုးတက်လာစေဖို့ ဆွစ်ဇာလန်က ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးဆီက အာမခံချက် ရထားတယ်လို့ အမေရိကန်ဦးဆောင်တဲ့ ဖျန်ဖြေသူတွေက ပြီးခဲ့တဲ့လက ပြောခဲ့ကြပေမယ့် ဆွေးနွေးပွဲကို ဆူဒန်ဘက်က မတက်ရောက်တဲ့အတွက် တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ဆူဒန်စစ်တပ်နဲ့ အရန်တပ်ဖွဲ့တို့ကြား စစ်ပွဲမတိုင်ခင်ကပဲ ဆူဒန်ရဲ့ အခြေခံအဆောက်အအုံတွေဟာ ပျက်စီးနေပြီဖြစ်ပါတယ်။