ဟေတီမြိုတော် ပိုအော့ပရင့်စ်မှာ စုန်းအတတ်လိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သက်ကြီးရွယ်အိုအများစုဖြစ်တဲ့ လူပေါင်း အယောက် ၁၁၀ ထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။

ဒေသတွင်း ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့သားဖြစ်သူ နာမကျန်းဖြစ်လို့ သေဆုံးခဲ့တာကို စုန်းအတတ်နဲ့ ပြုစားခံရပြီး သေဆုံးတာလို့ စွပ်စွဲသတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အမျိုးသားလူ့အခွင့်အရေးကာကွယ်ရေးကွန်ရက်က ထုတ်ပြန်ခဲ့ပါတယ်။ မြိုတော်ရဲ့ စီတီဆိုလဲအီရပ်ကွက်မှာ သောကြာနေ့က အယောက် ၆၀ အသတ်ခံခဲ့ရပြီး ဂိုဏ်း ခေါင်းဆောင်ရဲ့ သားဖြစ်သူ သေဆုံးပြီးနောက် စနေနေ့မှာ နောက်ထပ် အယောက် ၅၀ ကို စုစည်းသတ်ဖြတ်ခဲ့ တာလို့ ဆိုပါတယ်။

သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့သူဟာ မီကာနိုလို့ လူသိများပြီး ဆိပ်ကမ်းနယ်မြေကို ထိန်းချုပ် ထားတဲ့ မိုနီးလ်ဖဲလစ် ဖြစ်တယ်လို့ ပြောကြပါတယ်။မီလာနို ကြိုးကိုင်ထားတဲ့ အကြမ်းဖက်မှုမှာ သေဆုံးသူအရေအတွက် ၁၈၄ ယောက်အထိ ရှိသွားပြီလိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ပြောပါတယ်။ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့ ငယ်ရွယ်သူတချိုလည်း သေဆုံးခဲ့တယ်လို့ တခြားအခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဟေတီမှာ အခုနှစ်အထိ ပျံ့နှံ့နေတဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူဦးရေ ၅,၀၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှာ သမ္မတ ဂျိုဗီနယ်မိုဆေး လုပ်ကြံခံရပြီးကတည်းက ဟေတီနိုင်ငံဟာ အုပ်စုဖွဲ့ အကြမ်းဖက်မှု လှိုင်းလုံးကြီးထဲ နစ်မြုပ်နေခဲ့တာလို့ သိရပါတယ်။