ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် အရွေးခံရရင် အိုဟိုင်းအိုး ပြည်နယ် မြို့တစ်မြို့က ဟေတီရွှေ့ပြောင်းဒုက္ခသည်တွေကို အုပ်စုလိုက် နေရပ်ပြန်ပို့မယ်လို့ ကတိပေးကြောင်း သောကြာနေ့က ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လူမှုအသိုက်အဝန်းတွေအပေါ် တိုက်ခိုက်ပြောဆိုမှုတွေကို ရပ်တန့်ကြဖို့ တောင်းဆိုပြီးနောက်မှာ ထရမ့်က အခုလို ပြောသွားတာပါ။
အိုဟိုင်းအိုးပြည်နယ် စပရင်းဖီးလ်မြို့မှာ ကြီးမားတဲ့ နေရပ်ပြန်ပို့မှုတစ်ခုကို လုပ်ရလိမ့်မယ်လို့ လော့စ်အိန်ဂျယ်လိစ် အနီးက သူ့ရဲ့ ဂေါက်ရိုက်အပန်းဖြေစခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောသွားခဲ့တာပါ။
ထရမ့်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည စကားစစ်ထိုးပွဲမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဝေဖန်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး အဲဒီမှတ်ချက်တွေထဲမှာ ဟေတီလူမှုအသိုက်အဝန်းဟာ အိမ်မွေးတိရိစ္ဆာန်လေးတွေကို သတ်စားနေတယ်ဆိုတဲ့ မှတ်ချက်လည်း ပါဝင်ခဲ့ပါတယ်။
စပရင်းဖီးလ်မြို့ ရဲ့ ပြောခွင့်ရသူ ကဲရန် ဂရေး(ဗ်)က အဲဒီလို အိမ်းမွေးတိရိစ္ဆာန်တွေကို စားတဲ့ သတင်းမျိုး ၊ တိုင်းကြားချက်မျိုး စပရင်းဖီးလ်မှာ မကြားမိဘူးလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာ နေထိုင်တဲ့ ဟေတီ လူမှုအသိုက်အဝန်းတွေရဲ့ ခေါင်းဆောင်တွေကလည်း ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းရဲ့ မှတ်ချက်ဟာ လူ့အသက်တွေကို ဘေးတွေ့စေနိုင်ပြီး စပရင်းဖီးလ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ပြောပါတယ်။