ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွက် အီရန်က တိုက်ရိုက်တာဝန်ယူရမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလာတာကို The economic Times သတင်းမှာ ရေးသားဖော်ပြ ထားပါတယ်။

မကြာသေးမီက ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ အခြားနိုင်ငံခြားသင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်ဘက်က အခုလို ပြောကြားလာ တာပါ။ ဟူသီသူပုန်တွေရဲ့ ပစ်ခတ်မှုတိုင်းကို အီရန်ရဲ့လက်နက်နဲ့ ခေါင်းဆောင်ပိုင်းကနေ ပစ်ခတ်တဲ့ ပစ်ခတ်မှု ဖြစ်တယ်လို့ ယူဆတာကြောင့် အီရန်က တာဝန်ယူပြီး အကျိုးဆက်တွေကို ခံစားရမှာဖြစ်တယ်လို့ ထရမ့်က ပြောကြားလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန်စစ်တပ်ဟာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ဒါ့အပြင် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစုအပေါ် လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုတွေ အရှိန်ပိုမြင့်လာနိုင်သေးတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ ခဲ့ပါတယ်။

အမေရိကန်ဘက်ကဖိအားပေးတာကို တုံ့ပြန်တဲ့အနေနဲ့ ဟူသီသူပုန်တွေက အမေရိကန် လေယာဉ်တင်သင်္ဘော ကို တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာပါဝင်တဲ့ ဆန္ဒပြပွဲတွေလည်း ပြုလုပ်နေကြပါတယ်။

အမေရိကန်ဟာ ဟူသီပစ်မှတ်တွေကို လအတန်ကြာ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီး အမေရိကန် သမ္မတသစ်ထရမ့် တာဝန်ထမ်းဆောင်စဉ်အတွင်း ယီမင်မှာ လူပေါင်း ၅၃ ယောက် သေဆုံးကာ ၉၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောကြားထားပါတယ်။