ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက စက်တင်ဘာ ၁၅ ရက်မှာ အစ္စရေးနိုင်ငံအလယ်ပိုင်းကို ပထမဆုံးအကြိမ် ဒုံးကျည်တစ်စင်းပစ်ခတ်ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြင်းပြင်း ထန်ထန် လက်တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။
ကီလိုမီတာ ၂၀၄၀ ကို ၁၁ မိနစ်ခွဲနဲ့ရောက်အောင် ပျံသန်းနိုင်တဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်အသစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီစစ်ဘက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီးက ပြောပါတယ်။
ဒုံးကျည်ဟာ ဟင်းလင်းဖွင့် ဧရိယာတစ်ခုမှာ ပြုတ်ကျခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဒုံးကျည်ဟာ ဝေဟင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီး ကြားဖြတ်ဒုံးကျည် အပိုင်းအစတွေဟာ လယ်ကွင်းတွေနဲ့ မီးရထားဘူတာရုံအနီးမှာ ကျရောက်ခဲ့ကာ လူသူထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။
အစိုးရအဖွဲ့ရဲ့ အပတ်စဉ်အစည်းအဝေးတစ်ခုမှာ နေတန်ယာဟုက အီရန်မဟာမိတ် ဟူသီတွေဟာ အစ္စရေး ကို တိုက်ခိုက်ခဲ့တဲ့အတွက် ကြီးလေးတဲ့တန်ဖိုးကို အတိအကျ ပြန်လည်ပေးဆပ်မယ်ဆိုတာ သိသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ဟာ အောက်တိုဘာလ ဂါဇာစစ်ပွဲအစကတည်းက အပြန်အလှန်ပစ်ခတ်နေပြီး လက်ဘနွန်နဲ့ မြောက်ပိုင်းနယ်စပ်က လက်ရှိအခြေအနေကို ပြောင်းလဲဖို့ အစ္စရေးက လုပ်ဆောင်မယ်လို့ နေတန်ယာဟုက ပြောပါတယ်။