သြစတြေးလျနဲ့ အမေရိကန်တို့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ ပူးပေါင်းထုတ်လုပ်တာဟာ အမေရိကန်ကာကွယ်ရေး စက်မှုအခြေစိုက်လုပ်ငန်းအပေါ် ဝန်ပိမှုကို လျော့ပါးစေပြီး အင်ဒိုပစိဖိတ်ဒေသမှာ အဟန့်အတားဖြစ်မှုကို မြှင့်တင် ပေးတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ရီပတ်ဘလီကန်ဥက္ကဋ္ဌ မိုက်ကယ် မက်ကောလ်က ပြောပါတယ်။

ဆစ်ဒနီမှာ သြဂုတ် ၁၆ ရက်က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာပါ။ ဩစတြေးလျမှာ ခေတ်မီ အသံထက်မြန်တဲ့ လက်နက်တွေ ထုတ်လုပ်ရောင်းချတာဟာ ခေတ်ရှေ့ပြေး နည်းပညာ လက်နက်တွေ တိုးတက်ရေးမှာ တရုတ်နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျဟာ အမေရိကန်နဲ့ အတူ HACM ခေါ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်ကို စမ်းသပ်နေပြီး ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် သူ့ရဲ့ ဟိုက်ပါဆိုးနစ်လက်နက်အဖြစ် စဉ်းစားသွားမယ်လို့ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာထားပါတယ်။

ဩစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ AUKUS (အောကပ်စ်) ပူးပေါင်းဆောင်ရွက် မှုကို အာရုံစိုက်တဲ့ သူ့ရဲ့ သြစတြေးလျ ခရီးစဉ်အတွင်း အသံထက်မြန်တဲ့လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မက်ကောလ်က ပြောပါတယ်။