ကာရစ်ဘီယံဒေသမှာ ဖြစ်ပေါ်နေတဲ့ ဟာရီကိန်း ဘဲရင်းလ်ဟာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ဂျမေကာနိုင်ငံကို ဝင်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်တွေထဲမှာ ဟာရီကိန်းဘဲရင်းလ်ဟာ ကာရစ်ဘီယံပင်လယ်ထဲက ကျွန်းနိုင်ငံငယ် တွေကို ဝင်ရောက်မွှေနှောက်ခဲ့ရာ မုန်တိုင်းဝင်ရာတစ်လျှောက် သစ်ပင်တွေကျိုးကျ ပြိုလဲတာ ၊ နေအိမ်တွေ ပျက်စီးတာနဲ့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ များခဲ့ပါတယ်။
ဂျမေကာမြို့တော် ကင်စတန် နဲ့ ဟာ့ဖ်ဝေးထရီးမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေ တရကြမ်း တိုက်ခတ်နေတာကို ရိုက်တာက ရရှိထား တဲ့ ဗီဒီယိုမှာ အခုလို တွေ့ရပါတယ်။
လက်ရှိအချိန်ထိ ဟာရီကိန်း ဘဲရင်းလ်ကြောင့် သေဆုံးသူအရေအတွက် ဟာလည်း အနည်းဆုံး (၉)ယောက်အထိ ရှိလာနေပါတယ်။
မုန်တိုင်းဝင်သွားတဲ့ ကျွန်းတွေမှာ ဆက်သွယ်ရေး လိုင်းတွေ ၊ အင်တာနက်လိုင်းတွေ ပြန်လည်ရရှိနေပြီဖြစ်လို့ သေဆုံးသူ စာရင်းဟာလည်း ဆက်လက်မြင့်တက်လာ ဖို့ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဂျမေကာမှာတော့ ဗုဒ္ဓဟူးနေ့ မုန်တိုင်းစဝင်ချိန်မှာ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်သွားခဲ့ပြီး ကမ်းရိုးတန်းဒေသက လမ်းတွေလည်း ရေမြုပ်သွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်မှာ ဘဲရင်းလ်ရဲ့ မုန်တိုင်းမျက်စိဟာ ဂျာမေကာ မြို့တော် ကင်စတန်ကနေ အရှေ့တောင်ဘက် (၄၅) မိုင်အကွာမှာ တည်ရှိနေပြီး လက်ရှိလေတိုက်နှုန်းဟာ တစ်နာရီကို မိုင် (၁၄၀) ရှိနေတယ်လို့ အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာ (NHC) က ထုတ်ပြန်ထားပါတယ်။

