ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ရဲ့ ဈာပနအခမ်းအနားမှာ ဆုတောင်းဝတ်ပြုသံတွေနဲ့အတူ ကြွေးကြော်သံတွေကို သောကြာနေ့က ကြားခဲ့ကြရပါတယ်။
ဟာနီယတ်ရဲ့ ဈာပန အခမ်းအနားကို ဒိုဟာမြို့ အီမန် မူဟာမက် အစ်အဗ္ဗဒူလ်ဝါဟတ်ဗလီမှာ ကျင်းပခဲ့တာပါ။
အဲဒီဈာပန အခမ်းအနားကို ဟားမာ့စ်ရဲ့ ခေါင်းဆောင်အသစ်ဖြစ်လာမဲ့သူလို့ တစ်ပေးခံရသူ ခါလတ်ဒ် မီရှားလ် အပါအဝင် ဟားမာ့စ် အကြီးတန်း အရာရှိတွေနဲ့ ကာတာစော်ဘွား ရှိတ်ခ် တာမင် ဘင် ဟာမတ် အယ်လ်သာနီလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဟာနီယတ်ရဲ့ ရုပ်အလောင်းကို ဒိုဟာမြောက်ပိုင်း လူဆေးလ်မြို့က သင်္ချိုင်းမှာ မြှုပ်နှံသွားမယ်လို့ ခန့်မှန်းရပါတယ်။

ပါလက်စတိုင်းအလံနဲ့ ရစ်ပတ်ဖုံးအုပ်ထားတဲ့ ဟာနီယက်ရဲ့ ခေါင်းတလားကို တီဟီရန်လုပ်ကြံမှုအတွင်းမှာ သေဆုံးခဲ့တဲ့ သူရဲ့ သက်တော်စောင့် ခေါင်းတလားနဲ့အတူ ဈာပနကိုတက်လာသူ လူရာချီကြားကနေ ဖြတ်သန်းပြီး ဗလီထဲကို သယ်ဆောင်လာခဲ့ပါတယ်။
ဟားမာ့စ် အကြီးတန်းအရာရှိ ခါလစ်ဖ် အယ်လ်ဟာယာ က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဟာနီယတ်ဟာ တီဟီရန်က နိုင်ငံတော် ဧည့်ဂေဟာတစ်ခုကို ဒုံးကျည်တိုက်ရိုက်ထိမှန်ခဲ့ရာမှာ သေဆုံးခဲ့တာလို့ ပြောဆိုထားပါတယ်။
အီရန်နိုင်ငံနဲ့ ဟားမာ့စ်အဖွဲ့တို့က အဲဒီတိုက်ခိုက်မှုကို အစ္စရေးက လုပ်ခဲ့တာလို့ စွပ်စွဲထားပြီး အဲဒီအတွက် လက်စားချေသွားမယ်လို့လည်း ကတိပြုထားကြပါတယ်။