ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ဘူဒါပက်စ်ရဲ့ ကိုယ်ပိုင်ပုံစံ “ ငြိမ်းချမ်းရေးမစ်ရှင်” အရ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံမှုအတွက် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကို ဥရောပပါလီမန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါ တယ်။

အခုလအတွင်း ရုရှားကို သွားရောက်လည်ပတ်လို့ တခြား အီးယူနိုင်ငံတွေနဲ့ ခေါင်းဆောင်တွေက ပြစ်တင် ဝေဖန်ခဲ့တဲ့ အော်ဘန်ဟာ ဘေဂျင်းကိုသွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံဦးမှာပါ။

ဟန်ဂေရီဟာ အခုလမှာ ခြောက်လကြာ အလှည့်ကျ အီးယူဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းရယူခဲ့ပြီး အီးယူနိုင်ငံတွေရဲ့ အစည်းအဝေးတွေ ကျင်းပဖို့ တာဝန်ယူထားရပါတယ်။ ဒါပေမဲ့ နိုင်ငံ ၂၇ နိုင်ငံပါဝင်တဲ့ အီးယူကိုယ်စား သံတမန် ရေးရာ လုပ်ဆောင်ဖို့ ခွင့်ပြုမထားပါဘူး။

အော်ဘန် ရုရှားကိုသွားလည်တာဟာ အီးယူရဲ့ သဘောတူစာချုပ်တွေနဲ့ ဘုံနိုင်ငံခြားရေးမူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ဥရောပပါလီမန်က ရှုတ်ချခဲ့ပါတယ်။
ယူကရိန်းအတွက် အီးယူရဲ့ စဉ်ဆက်မပြတ်ထောက်ခံရေး ကဏ္ဍတွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို အီးယူလွှတ်တော် အမတ် ၆၇၉ ဦးအနက် အများစုဖြစ်တဲ့ ၄၉၅ ဦးက ထောက်ခံခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ယူကရိန်းကို ရုရှားဝင်ရောက်တိုက်ခိုက်ပြီးကတည်းက ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားတဲ့ ဟန်ဂေရီအစိုးရဟာ အော်ဘန် ရဲ့ ခရီးစဉ်တွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။