လက်ဘနွန်က အငြင်းပွားနယ်မြေမှာ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးစစ်စခန်းတစ်ခုဆီကို ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်အားသုံးတုံ့ပြန်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဟင်းလင်းပြင်နေရာတစ်ခုမှာ ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။ လက်ဘနွန်၊ ဆီးရီးယားနဲ့ အစ္စရေး နယ်နိမိတ်တွေ ဆုံမှတ်ဖြစ်တဲ့ လက်ဘနွန်ရှိ ရှီဘားဒေသက အငြင်းပွား အစ္စရေးပိုင် ဒေါ့ဖ်တောင်ကို ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာလို့ အစ္စရေးက ပြောပါတယ်။

အစ္စရေးက အပစ်ရပ်စဲရေး သဘောတူညီချက်ကို ထပ်ခါတလဲလဲ ချိုးဖောက်မှုကြောင့် ကာကွယ်ဖို့ သတိပေး တုံ့ပြန်မှုအဖြစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်း ပတ်က အပစ်အခတ် ရပ်စဲရေး ပြဋ္ဌာန်းပြီးနောက် ဟစ်ဇ်ဘိုလာရဲ့ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။ မကြာသေး ခင်ရက်တွေအတွင်းက လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူလေးယောက် သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။
အစ္စရေးဟာ ဆိုင်ကယ်တစ်စီးပေါ်က လူတစ်ယောက် သေဆုံးစေတဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှု အပါအဝင် လက်ဘနွန် တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အမြောက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လက်ဘနွန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။ အမေရိကန်နဲ့ ပြင်သစ်တို့ အဓိကကြားဝင်စေ့စပ်ခဲ့တဲ့ အပစ်ရပ်စဲရေးဟာ နိုဝင်ဘာ ၂၇ ရက်ကစပြီး အသက်ဝင်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြား တစ်နှစ်ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှု တွေ အဆုံးသတ်စေဖို့ ရည်ရွယ်ပြီး တိုက်ပွဲတွေ ရက် ၆၀ ကြာ ရပ်တန့်ထားဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။