အစ္စရေးမြောက်ပိုင်းက စစ်အခြေစိုက်စခန်းတစ်ခုကို ဒရုန်းနဲ့ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်းမှာ အစ္စရေးစစ်သား (၄)ယောက်သေဆုံးပြီး လူပေါင်း(၆၀)ကျော်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။
ဟိုင်ဖာမြို့ တောင်ဘက်မိုင်(၂၀)အကွာမှာရှိတဲ့ ဘင်ယာမီနာမြို့အနီးမှာရှိတဲ့စစ်စခန်းကို ဒရုန်းနဲ့အတိုက်ခံခဲ့ရတာပါ။

တိုက်ခိုက်မှုအတွင်း စစ်သား(၄)ယောက်သေဆုံးခဲ့တဲ့အပြင် (၇)ယောက်လည်းဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ တနင်္ဂနွေနေ့မှာအစ္စရေးစစ်တပ်ကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က တာဝန်ခံထုတ်ပြောထားပြီးအစ္စရေးကာကွယ်ရေးတပ်(IDF)ရဲ့ ဂိုလန်တပ်မဟာလေ့ကျင့်ရေးသင်တန်းကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အဲဒီဒရုန်းတိုက်ခိုက်မှုဟာ လက်ဘနွန်တောင်ပိုင်းနဲ့ ဘေရွတ်မြို့တော်ကို အစ္စရေးကတိုက်ခိုက်ခဲ့မှုအတွက် ပြန်လည်တုံ့ပြန်တဲ့တိုက်ခိုက်မှုလို့လည်း ဟစ်ဇ်ဘိုလာအဖွဲ့ကပြောပါတယ်။