သြစတြေးလျနိုင်ငံ မြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေနဲ့စည်ကားရာ ခါရန်စ်မြို့မှာ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လေယာဉ်မှူး သေဆုံးပြီး ရာနဲ့ချီတဲ့ ဧည့်သည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
အင်ဂျင် နှစ်လုံးတပ် ရဟတ်ယာဉ်ဟာ သြဂုတ် ၁၂ ရက်က ဟိုတယ်ခေါင်မိုးနဲ့ တိုက်မိပြီး အဆောက်အအုံထိပ်မှာ မီးလောင် ကျွမ်းခဲ့တာပါ။
အဲဒါကြောင့် ဧည့်သည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး မနက် ၂ နာရီလောက်မှာ အရေးပေါ် ဝန်ထမ်းတွေကို ခေါ်ယူခဲ့ရတယ်လို့ ကွင်းစလန်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ မှာ သေဆုံးသွားတဲ့ ရဟတ်ယာဉ်မှူး ဘယ်သူဘယ်ဝါဆိုတာ တရားဝင်ဖော်ထုတ်နိုင်ဖို့ မှုခင်းဆေးပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ခါရန်စ်မြို့ဟာ သြစတြေးလျနိုင်ငံရဲ့ မဟာသန္တာကျောက်တန်းကို အဓိက ဝင်ပေါက်ဖြစ်ပါတယ်။
ရဟတ်ယာဉ်က ဟီလ်တန်အုပ်စုရဲ့ Double Tree ဟိုတယ်ပေါ် ပျက်ကျခဲ့တာလို့ သြစတြေးလျမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရဟတ်ယာဉ်ရဲ့ ရိုတာဒလက်နှစ်ခု ပြုတ်ထွက်လာပြီး ဒလက်တစ်ခုက ဟိုတယ်ရေကန်ထဲ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။