ဆော်ဒီမှာ အမေရိကန်နဲ့ရုရှား ထိပ်သီးအရာရှိတွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်မစ်ရှင်တွေ ပြန်လည်စတင်ဖို့အတွက် ဖေဖော်ဝါရီ ၁၈ ရက်က သဘောတူမှုရရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို(Marco Rubio)က ပြောကြားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါ တယ်။

ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဘိုင်ဒန်အစိုးရလက်ထက်တုန်းက နိုင်ငံအတွင်း ရုရှားသံတမန်မစ်ရှင်တွေကို ကန့်သတ်တာတွေ ပြုလုပ်ခဲ့တာပါ။ အခု သမ္မတထရမ့်လက်ထက်မှာ တော့ သံတမန်မစ်ရှင်တွေ ပြန်စဖို့အတွက် အမေရိကန်နဲ့ရုရှား သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ထိပ်သီးအရာရှိတွေကို အမိန့်ပေးခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ ရီးယာ့ဒ် (Riyadh)မြို့တော်မှာ အမေရိကန်နဲ့ ရုရှား အရာရှိတွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ သံရုံးတွေရဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ် စေနိုင်ဖို့အတွက် တက်ကြွပြီး အားမာန်ပြည့်ဝတဲ့ သံတမန်မစ်ရှင်တွေရှိဖို့ လိုအပ်ပါတယ်လို့ ရူဘီယိုက ပြောကြား ထားပါတယ်။