အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်အပေါ် သေနတ်ဝယ်ရာမှာ လိမ်ညာမှု၊ မူးယစ် ဆေးသုံးမှုနဲ့ အခွန်ရှောင်မှုအတွက် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ အဲဒီလို သားဖြစ်သူ ဟန်တာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို သမ္မတအာဏာကို မသုံးစွဲပါဘူးလို့ အရင်က ကတိပြုထားပေမယ့် အပြည့် အဝ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။
ဟန်တာဟာ ဘိုင်ဒန်မိသားစုဝင် ဖြစ်နေတဲ့အတွက် တခြာ သူတွေနဲ့မတူ ခြားနားစွာ ဆက်ဆံခံရပြီး ရွေးချယ်မှုနဲ့ မမျှမတ စွပ်စွဲစီရင်ခံရတယ်လို့ ဘိုင်ဒန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဟန်တာကို ချိုးနှိမ်ဖို့ကြိုးစားခဲ့ပြီး သူ့ကိုပါ ပြိုလဲအောင် ဆောင်ရွက်ခဲ့ကြတာတွေ ရပ်သွားမယ်လို့ ယုံကြည်စရာ အကြောင်းမရှိခဲ့ဘူးလို့ အိမ်ဖြူတော် ကနေ ဘိုင်ဒန်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မျှတတဲ့ စိတ်ထားရှိကြဖို့လိုပြီး တရားစီရင်ရေးစနစ်ကို ယုံ ကြည်ပေမယ့် နိုင်ငံရေးနွယ်သွားတာနဲ့ အကြမ်းဖျင်း အနေနဲ့ တရားမျှတမှု ပျက်ပြားစေတာကြောင့် ဒီဆုံးဖြတ် ချက်ကို ချလိုက်တာလို့ ဆိုပါတယ်။
သေနတ်ဝယ်ယူရာမှာ လိမ်ညာမှုနဲ့ တရားမဝင် မူးယစ်ဆေးသုံးစွဲမှု၊ အခွန်ငွေ အနည်းဆုံးဒေါ်လာ ၁ ဒသမ ၄ သန်း ပေးဆောင်ဖို့ ပျက်ကွက်မှုတွေနဲ့ ပတ်သက်လို့ ဟန်တာဘိုင်ဒန်ကို တရားရုံးက စီရင်ချက်မချခင် ရက်သတ္တပတ် တွေအတွင်း လွတ်ငြိမ်းခွင့်ပေးဖို့ ဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဖခင်တစ်ယောက်၊ သမ္မတတစ်ယောက်အနေနဲ့ ဒီဆုံးဖြတ်ချက် ချမှတ်တာကို အမေရိကန်ပြည်သူတွေ နားလည်ဖို့ မျှော်လင့်ပါတယ် လို့လည်း ဘိုင်ဒန်က ပြောဆိုခဲ့ပါတယ်။