သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ ပထမနေ့မှာပဲ သမ္မတအုပ်ချုပ်ရေးအမိန့် အခု(၁၀၀)နီးပါးကို ထုတ်ပြန် သွားမယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာကျိန်ဖို့ တစ်ရက်အလို တနင်္ဂနွေနေ့ မှာ ကတိပြု ပြောကြားလိုက်ပါတယ်။ ထရမ့်ဟာ သူ သမ္မတဖြစ်တာနဲ့ လူဝင်မှုကြီးကြပ်ရေး၊ စွမ်းအင်မူဝါဒ၊ ဖယ်ဒရယ်အစိုးရလုပ်ငန်းလည်ပတ်မှုတွေနဲ့ ပတ်သက်တဲ့ သမ္မတ အုပ်ချုပ်ရေး အမိန့်တွေကို အမြန်ဆုံး ထုတ်ပြန် သွားဖို့ ပြင်ဆင်နေတာပါ။

ထုတ်ပြန်မဲ့ အမိန့်တွေနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ မူဝါဒရေးရာ ဒုတိယရုံးအဖွဲ့မှူး စတက်ဖန် မီးလားက ကွန်ဂရက်ထဲက ထိပ်တန်း ရီပတ်ဘလီကန်တွေကို တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ အကြမ်း ဖျင်း ပြောပြချက်အရ နယ်စပ်ဒေသမှာ အရေးပေါ်အခြေနေတစ်ရပ် ထုတ်ပြန်ရေး အပါအဝင် လူဝင်မှုဆိုင်ရာ အမိန့်အများအပြား ပါဝင်တယ်လို့ ပြောပါတယ်။ မူးယစ်ဂိုဏ်းတွေကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာနဲ့ မက္ကဆီကိုမှာ ဒုက္ခသည်တွေကို ဆက်လက် ထိန်းသိမ်းထားရှိရေး မူဝါဒကိုလည်း ပြန်လည် ချမှတ်ဖို့ ရှိတယ်လို့ ပြောပါတယ်။ စွမ်းအင်ဆိုင်ရာ ကိစ္စရပ် အပါအဝင် ဖယ်ဒရယ်ဝန်ထမ်းရဲ့ အလုပ်အကိုင်အပေါ် အကာအကွယ်ပေးမှုကို ပယ်ဖျက်တဲ့အမိန့် ပြန်ချမှတ်တာ၊ (DEI) အစီအစဉ်ကို ပယ်ဖျက်တာနဲ့ အီလွန်မက်စ် ဦးဆောင်မဲ့ အစိုးရလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးဌာနအတွက် လမ်းညွှန်မူဝါဒ သတ်မှတ်တာတွေလည်း ပါဝင်မှာပါ။

ဒါ့အပြင် ဘိုင်ဒန်က ပယ်ဖျက်ခဲ့တဲ့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းကာလတုန်းက လူဝင်မှု ဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေကိုလည်း ပြန်လည်ချမှတ် သွားဖို့ရှိနေတာပါ။ ထရမ့်ဟာ တနင်္ဂနွေနေ့ ညနေပိုင်း မှာ ပြုလုပ်တဲ့ ကျမ်းကျိန်ပွဲအကြို ညစာစားပွဲမှာ အခြေခံကျပြီး အဖျက်စွမ်းအားပြင်းတဲ့ ဘိုင်ဒန်အစိုးရရဲ့ သမ္မတ အုပ်ချုပ်ရေးအမိန့် ဒါဇင်ပေါင်းများစွာကို ပယ်ဖျက်ပစ်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။