အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပြန်လည်ရွေးကောက်ခံဖို့ မဲဆွယ်စည်းရုံးပွဲတစ်ခုအတွက် ဇူလိုင် ၁၇ ရက်က လာ့စ်ဗီးဂတ်စ်ကို သွားရောက်စဉ် COVID ရောဂါပိုးတွေ့ရှိခဲ့လို့ မိန့်ခွန်းမပြောနိုင်ဘဲ လှည့်ပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်ဟာ ကိုဗစ်ပေါ့စတစ်ဖြစ်ပြီး ပျော့ပျောင်းတဲ့ လက္ခဏာတွေ ခံစားရ ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတဘိုင်ဒန်စကားပြောဖို့ စီစဉ်ထားတဲ့ UnidosUS ခေါ် လက်တင်နွယ်ဖွားတွေရဲ့ အရပ်ဘက်အခွင့်အရေးအဖွဲ့အစည်းရဲ့ စီအီးအို ဂျနက် မာဂွီအာက သမ္မတဘိုင်ဒန်မှာ ကိုဗစ်ရောဂါပိုး တွေ့လို့ ကြိုတင်ကာကွယ်မှုတွေ လိုက်နာဖို့ လိုအပ်ပြီး ဘယ်သူ့ကိုမှ အန္တရာယ်မဖြစ်စေလိုကြောင်း ဘိုင်ဒန်ရဲ့ ပြောဆိုမှုကို ကြေညာခဲ့ပါတယ်။
အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကာရင်း ယွန်းပီရားကလည်း သမ္မတဘိုင်ဒန်မှာ ရောဂါရှာဖွေတွေ့ရှိမှုကြောင့် စီစဉ်ထားတဲ့ပွဲတစ်ခုမှာ စကားပြောနိုင်မှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပါတယ်။
ဘိုင်ဒန်ဟာ ကာကွယ်ဆေးနဲ့ အားမြှင့်ဆေး ထိုးထားပြီး အပျော့စား လက္ခဏာတွေ ခံစားရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာပြီး မိနစ်ပိုင်းအကြာမှာတော့ သမ္မတရဲ့ မော်တော်ယာဉ်တန်းဟာ လာ့စ်ဗီးဂတ်စ်မှာ ရေဒီယိုအင်တာဗျူးတစ်ခု လုပ်တဲ့နေရာကနေ လေဆိပ်ကို ဦးတည်သွားခဲ့ပါတယ်။
သီးသန့်ခွဲနေဖို့အတွက် သမ္မတဟာ ဒီလာဝဲမြို့ကို ပြန်လာခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဘိုင်ဒန်ဟာ ရေဒီယိုအင်တာဗျူး မတိုင်ခင် မက္ကဆီကို စားသောက်ဆိုင်တစ်ဆိုင်မှာ လူဒါဇင်များစွာကို နှုတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။