မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ သူဖွဲ့စည်းထားတဲ့ အလွတ်တန်း အကြံပေးအဖွဲ့ထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို အကြံပေးအဖြစ် ခန့်အပ်ထားလိုက်တယ်လို့ Channnel News Asia သတင်းမှာ တနင်္လာနေ့က ဖော်ပြပါတယ်။ လာမဲ့နှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူဖို့ ရှိနေချိန်မှာ သက်ဆင်ကို မလေးရှား ဝန်ကြီးချုပ် က တနင်္ဂနွေနေ့မှာ အကြံပေးအဖြစ် ခန့်အပ်လာတာပါ။

ဒါဟာ ဒေသတွင်းနိုင်ငံရေးမှာ ထင်ရှားတဲ့ပုံရိပ်တစ်ခုကို တည်ဆောက်ဖို့ သက်ဆင်ရဲ့ မဟာဗျူဟာမြောက် အားထုတ်မှုလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အဲဒီမလေးရှား အလွတ်တန်း အကြံပေးအဖွဲ့ထဲမှာ သက်ဆင်အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ချ် ယိုးလည်း ပါဝင်ဖွယ်ရှိနေတယ်လို့ မလေးရှားမီဒီယာဖြစ်တဲ့ မလေး မေးလ် သတင်းက ဖော်ပြပါတယ်။ ဒီလို ခန့်အပ်မှုကို မလေးရှားနိုင်ငံကို ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ် နှစ်ရက်ကြာခရီးစဉ် ရောက်ရှိနေချိန်မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါက အခုလို ကြေညာခဲ့တာပါ။

သက်ဆင်ကို ခန့်အပ်ရေး မလေးရှားအစိုးရက အဆိုပြု ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံကလည်း သဘောတူခဲ့တယ်လို့ အန်ဝါက အတည်ပြုပြောဆိုကြောင်း ဒေသတွင်း မီဒီယာ တွေက ဖော်ပြကြပါတယ်။ အဲဒီအလွတ်တန်း အကြံပေးအဖွဲ့မှာ ပါဝင်တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ချ် ယိုးဟာ သတင်းအချက်အလက်နဲ့ အနုပညာရေးရာဝန်ကြီး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး စတဲ့ ရာထူးတွေကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး (၂၀၁၁)ခုနှစ်မှာ နိုင်ငံရေးကနေ ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။