အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ ရီဂင် အမျိုးသား လေဆိပ်အနီးမှာ အမေရိကန် ဘလက်ဟော့ခ် စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း ဝေဟင်မှာ တိုက်မိမှု ဖြစ်ပွားကြောင်း ဖယ်ဒရယ် လေကြောင်း အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးတာဝန်ရှိတွေက ပြောပါတယ်။

အဲဒီခရီးသည်တင်လေယာဉ်ဟာ လေဆိပ်ရဲ့ လေယာဉ် ပြေးလမ်းကို ဆင်းသက်ဖို့ ချဉ်းကပ်လာချိန်မှာ အခုလို စစ်ရဟတ်ယာဉ်နဲ့ ဗုဒ္ဓဟူးနေ့က တိုက်မိခဲ့တာပါ။ လတ်တလောမှာ ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူး။

အဲဒီခရီးသည်တင် လေယာဉ်ဟာ လေကြောင်းအမှတ် ၅၃၄၂ ဖြစ်ပြီး ကန်ဆပ်စ် ပြည်နယ် ဝီချစ်တာ ကနေ ထွက်ခွာလာခဲ့တဲ့ လေယာဉ်ဖြစ်တယ်လို့ လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အိမ်ဖြူတော်ကလည်း အဲဒီမတော်တဆဖြစ်စဉ်မှာ စစ်ရဟတ်ယာဉ်တစ်စင်း လည်း ပါဝင်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရီဂင် အမျိုးသားလေဆိပ်မှာ လေယာဉ် အတက်အဆင်း အားလုံးကို ရပ်နားထားလိုက်ရပြီး အရေးပေါ်ကယ်ဆယ်ရေးသမားတွေက လေယဉ် မတော်တဆဖြစ်စဉ်ကို သွားရောက်ပြီး ကယ်ဆယ်တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
လေဆိပ် ပင်မအဆောက်အဦကိုတော့ ဆက်လက် ဖွင့်ထားဆဲဖြစ်ကြောင်း ရီဂင် အမျိုးသားလေဆိပ်က ထုတ်ပြန်ထား ပါတယ်။