ပြည်တွင်းမှာ လောင်းကစားနဲ့ ကာစီနိုရုံတွေ တရားဝင်ခွင့်ပြုပေးမယ့် ဥပဒေကြမ်းကို ဇန်နဝါရီလ ၁၃ ရက်က ထိုင်းအစိုးရအဖွဲ့ ကအတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း Bangkok Post သတင်းမှာဖေါ်ပြပါတယ်။ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာစေဖို့ရည်ရွယ်ပြီး လောင်းကစားနဲ့ ကာစီနိုရုံတွေကို တရားဝင်ခွင့်ပြုပေးမယ့် ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုံတန်ကပြောပါတယ်။

အစိုးရက အွန်လိုင်းလောင်းကစားကို တရားဝင်ဖြစ်စေဖို့ အရှိန်မြှင့်ဆောင်ရွက်နေတာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးကပြောကြားထားပါတယ်။အိမ်နီးချင်းနိုင်ငံတွေက ကာစီနိုရုံတွေကနေ အကျိုးအမြတ် ရရှိနေပေမယ့် ထိုင်းနိုင်ငံမှာ ကာစီနိုရုံတွေကို တရားဝင် ခွင့်ပြုပေးထားခြင်းမရှိလို့ အစိုးရ အတွက်အခွန်ငွေ ရရှိမှု လျော့နည်းနေတာကြောင့် အခုလို တရားဝင်လုပ်ငန်းလည်ပတ်ခွင့်ပေးလိုက်တာဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားထားပါတယ်။

အရှေ့တောင်အာရှမှာ ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို အဓိကမှီခိုအားထားနေရတာဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာလည်း ခရီးသည်အရေအတွက် စံချိန်တင် ဝင်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းပေထုံတန်က ပြောပါတယ်။