ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာဖရိကနိုင်ငံတွေအတွက် အမြဲတမ်းအဖွဲ့ဝင် (၂)နေရာနဲ့ ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံ ငယ်တွေအတွက် အလှည့်ကျအဖွဲ့ဝင် (၁)နေရာ တိုးချဲ့ဖန်တီးဖို့ အမေရိကန်နိုင်ငံက ထောက်ခံကြောင်း ကုလ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
အာဖရိက တိုက်နဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ကြိုးစားနေချိန်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း လာစေဖို့ အမေရိကန်က ကြိုးပမ်းနေချိန်မှာ အခုလို ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။
ဒါပေမဲ့ ဗီတိုအာဏာပိုင် (၅) နိုင်ငံအပြင် နောက်ထပ် နိုင်ငံသစ်တွေ တိုးချဲ့မှာကိုတော့ ဝါရှင်တန်က မထောက်ခံဘူးလို့ ဂရင်းဖီးလ်က ပြောသွား ပါတယ်။ အမေရိကန်နိုင်ငံဟာ အိန္ဒိယ၊ ဂျပန်နဲ့ ဂျာမနီနိုင်ငံတို့ရဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နေရာကို ရရှိရေးအပေါ် အရင်ကတည်းက ထောက်ခံရပ်တည်ပေးနေတာဖြစ်ပါတယ်။
ကုလ ဖွံ့ဖြိုးဆဲနိုင်ငံတွေကလည်း လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာကို ရရှိရေး ကာလရှည်ကြာ တောင်းဆိုနေပါတယ်။ အဲဒီလို တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ကုလရဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုတွေကို အချိန်ယူ လုပ်ခဲ့ ကြပေမဲ့ ဘာရလဒ်မှ မထွက်ဘဲရှိနေခဲ့တာပါ။
အမေရိကန်ရဲ့ အခုလို ထောက်ခံရပ်တည်ပေးမှုကလည်း အဲဒီ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုကို အရှိန်ပိုကောင်းစေနိုင်မလား ဆိုတာ မသေချာမရေရာ ရှိနေပါတယ်။