ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အရှေ့ပိုင်း ဒန်ဂန်ဟမ်မှာရှိတဲ့ တာဝါတစ်ခုမှာ တနင်္လာနေ့ မနက်ပိုင်းက မီးလောင် မှုဖြစ်ပွားခဲ့ရာမှာ မီးသတ်သမား (၂၀၀) ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။
အဲဒီတာဝါမီးလောင်မှုနဲ့ပတ်သက်ပြီး အရေးပေါ် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချင်းမှာပဲ အခင်းဖြစ်နေရာကို မီးသတ်ကားတွေကို စေလွှတ်ခဲ့တယ်လို့ လန်ဒန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း လူ(၂)ယောက်ကို ဆေးရုံပို့ဆောင်ထားရပြီးတော့ အဆောက်အဦတစ်ခုလုံးက လူတွေကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြောပါတယ်။
မီးလောင်မှုကနေ မီးခိုးလုံးတွေ အူထွက်လာတဲ့အတွက် အနီးဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ နေအိမ်ပြူတင်းတံခါးတွေကို ပိတ်ထားကြဖို့နဲ့ မီးလောင်မှုဖြစ်တဲ့နေရာကို ရှောင်ကွင်းသွားလာကြဖို့လည်း လန်ဒန်မီးသတ်တပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။