လက်ဘနွန်မှာ ပဋိပက္ခတွေ အရှိန်မြင့်တက်လာကြောင့် နိုင်ငံကနေ စွန့်ခွာထွက်ပြေးလာသူတွေကို သယ်ဆောင်လာတဲ့ လေယာဉ်နှစ်စင်းဟာ ဆိုက်ပရပ်စ်ကျွန်း လာမာကာ လေဆိပ်ကို တနင်္လာနေ့က ဆိုက်ရောက်လာပါတယ်။
အစ္စရေးရဲ့ မြေပြင်ထိုးစစ်တစ်ရပ်ဟာလည်း အင်္ဂါနေ့ မနက်အစောပိုင်းမှာ လက်ဘနွန်တောင်ပိုင်းမှာ စတင်ခဲ့ပြီး အစ္စရေးစစ်တပ်က နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို စီးနင်းတိုက်ခိုက်မှုတွေ အကန့်အသတ်နဲ့ စတင်လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။
အဲဒီမြေပြင်ထိုးစစ်ဟာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် အများအပြားကို သတ်ဖြတ်နိုင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ပတ်ကြာလုပ်ပြီးတဲ့နောက် စတင်ခဲ့တာပါ။
အဲဒီလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁၀၀၀)လောက် သေကြေပျက်စီးခဲ့ပြီး လူတစ်သန်းကျော်လောက်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ လက်ဘနွန်အစိုးရက ပြောပါတယ်။
လက်ဘနွန်မှာ အခြေအနေတွေ အရမ်းဆိုးဝါးနေကြောင်း၊ ဘေရွတ်ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေကြောင်းနဲ့ အလုပ် လုပ်လို့မရ၊ အိပ်လို့မရ ၊ ဘာမှလုပ်မရတော့ကြောင်း ဆိုက်ပရပ်စ်ကို ရောက်လာတဲ့ ဘေရွတ်ဒေသခံ မိုဟာမက် ရှားဘန်က ပြောပါတယ်။
ကမ္ဘာကြီးကိုပြောချင်တာက မိမိတို့ဟာ ငြိမ်းချမ်းတဲ့လူတွေဖြစ်ကြောင်း၊ အသက်ရှင်သန်ရတာကို မြတ်နိုးသူတွေဖြစ်ကြောင်း ငြိမ်းချမ်းရေးကိုပဲ အလိုရှိကြောင်းက သူ ဆက်ပြောခဲ့ပါတယ်။