လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒါလာ ဘောဟာဘစ်က အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ စစ်ပွဲကြီးဖြစ်ပွားစေမယ့် အစ္စရေးအပေါ် ဘယ်လိုတုံ့ပြန်မှုမျိုးမှ မဖြစ်အောင် လက်ဘနွန်က လုပ်ဆောင်နေတယ်လို့ သြဂုတ် ၆ ရက်က ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုအပေါ် ဟစ်ဇ်ဘိုလာရဲ့ တုံ့ပြန်မှု ဟာ အစ္စရေးအပါအဝင် ဘယ်နိုင်ငံကိုမှ အကျိုးရှိစေမှာ မဟုတ်သလို ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခအဖြစ် တိုးမြင့် လာစေဖို့ မဖြစ်သင့်ဘူးလို့လည်း ဘောဟာဘစ်က ပြောဆိုလိုက်ပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အက်ဒိ အက်တီကလည်း အီဂျစ်နဲ့ အမေရိကန်တို့ဟာ ပဋိပက္ခတိုးမြင့်လာမှုကို ရပ်တန့်ဖို့နဲ့ ဒေသတွင်း လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် အန္တရာယ်ရှိတဲ့ ဂယက်ရိုက်မှုတွေကို ဖြေရှင်းနိုင်အောင် ချက်ခြင်းအရေးယူဖို့ အရေးကြီးကြောင်း ရှင်းလင်းစွာ သဘောတူထားတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း ဟားမာ့စ်ခေါင်းဆောင် အစ္စမေး ဟာနီယက် တီဟီရန်မှာ သတ်ဖြတ်ခံရမှုနဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်း တပ်မှူး ဖူအက်ရှူကာ သေဆုံးခဲ့တဲ့ ဘေရွတ် ဆင်ခြေဖုံးတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာဟာ အင်္ဂါနေ့က အစ္စရေးမြောက်ပိုင်းကို ဒရုန်းတွေ၊ဒုံးကျည်တွေနဲ ဆက်တိုက်ပစ်ခတ်ခဲ့ပေမယ့် ဖူအက်ရှူကာ သေဆုံးမှုအတွက် လက်တုံ့ပြန်တဲ့အနေအထား မရောက်သေးဘူးလို့ သတိပေးခဲ့ပါတယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အောက်တိုဘာ ၇ ရက် ဟားမာ့စ်ရဲ့တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်ကတည်းက အပြန်အလှန် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။