အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံက ကမ်းရိုးတန်းနဲ့ မြို့ကြီးတွေကို ဩဂုတ်လရဲ့ ရှားရှားပါးပါး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချိမှာ တံငါသည်တွေနဲ့ သင်္ဘောသားတွေ ပင်လယ် ပြင်မထွက်ဖို့ အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။
မုန်တိုင်းကြောင့် လာမယ့်ရက်တွေအတွင်း မြို့တွေမှာ ရေကြီးပြီး ကုန်းမြင့်ဒေသတွေမှာလည်း ရုတ်တရက် ရေလွှမ်းမိုးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကမ်းလွန်က မုန်တိုင်းငယ်ဟာ သောကြာနေ့မှာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန် မိုးလေဝသဌာနက ပြောပါတယ်။
နောက်နှစ်ရက်အတွင်း အာရေဗျပင်လယ်ကိုဖြတ်ပြီး အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့လည်း ထုတ်ပြန် ခဲ့ပါတယ်။ ပါကစ္စတန် ကရာချိမြို့ရဲ့ အစိတ်အပိုင်းတချို့မှာ ညလုံးပေါက်မိုးရွာသွန်းမှုက မိုးရေချိန် ၅ ဒသမ ၇၉ လက်မ ရှိခဲ့ပါတယ်။
အိန္ဒိယရဲ့ ဂူဂျာရတ်ကမ်းရိုးတန်းအနီးက မြို့တွေမှာလည်း တနင်္ဂနွေနေ့ကစလို့ လူ ၂၈ ယောက် ထက်မနည်း သေဆုံးပြီး ၁၈,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အိန္ဒိယအာဏာပိုင် တွေက သြဂုတ် ၂၉ ရက်က ပြောပါတယ်။
ဩဂုတ်လအတွင်း ဆိုင်ကလုန်းမုန်တိုင်းဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် ရှားရှားပါးပါး ဖြစ်ပေါ်ခဲ့တာလို့ အိန္ဒိယမိုးလေဝသရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။