ဗြိတိန်ဝန်ကြီးချုပ် ကားရ် စတာမာ ဟာ အင်္ဂလန်အနောက်မြောက်ပိုင်း ဆောက်(သ်)ပို့တ်မြို့မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်ဆန္ဒဖော်ထုတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ အကြီးအကဲတွေကို ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
ဆောက်(သ်)ပို့တ်မြို့ ဓားထိုးမှု တရားခံနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ သတင်းမှားတွေ ပျံ့ခဲ့တဲ့နောက် တခြားဒေသတွေက ရွှေ့ပြောင်းဒုက္ခသည်အရေး ဆန့်ကျင်ဆန္ဒဖော်ထုတ်သူတွေ အဲဒီမြို့ကို စုရုံးရောက်ရှိလာရာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြီးမားတဲ့ မငြိမ်မသက်ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ ဆန္ဒဖော်ထုတ်မှု မဟုတ်ဘဲ အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွေလို့ ဝန်ကြီးချုုပ် စတာမာက အမှတ်(၁၀) ဒေါင်းနင်းလမ်းမှာ လုပ်တဲ့ အစည်းအဝေးမှာ ရဲတပ်ဖွဲ့အကြီးအကဲတွေကို ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ်ရဲ့ ဒေါင်းနင်းလမ်း နေအိမ်အနီးမှာ လူထောင်ပေါင်းများစွာ စုရုံးမှုဖြစ်ခဲ့ပြီး ကလေးတွေကို ကယ်တင်ပေးပါ ၊ ငါတို့ တိုင်းပြည် ငါတို့ ပြန်လိုချင်တယ် ၊ လှေတွေကို တားဆီးပေးပါ စတဲ့ ကြွေးကြော်သံတွေအပြင် အင်္ဂလိပ်ဘောလုံးအသင်းပရိသတ်တွေ သုံးလေ့ရှိတဲ့ ကြွေးကြော် သံတွေလည်း အော်ဟစ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
လန်ဒန် မြို့တော် ရဲတပ်ဖွဲ့က အကြမ်းဖက် ရုန်းရင်း ဆန်ခတ်ဖြစ်စဉ်တွေ အပါအဝင် ရဲတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ ပြစ်ချက်တွေနဲ့ လူပေါင်း (၁၁၁)ယောက်ကို ဖမ်းဆီးထားကြောင်း ကြာသပတေးနေ့မှာ ထုတ်ပြန်ထားပါတယ်။