ရုရှားနဲ့ ဗြိတိန်အကြား ဆက်ဆံရေးဟာ ပိုမို ဆိုးရွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူတစ်ယောက်က ပြောပါတယ်။
ဗြိတိသျှသံတမန်အားလုံးကို ရုရှားက အိမ်ပြန်ပို့ပြီး သံတမန်ဆက်ဆံရေး ပြတ်တောက်တဲ့အထိ ဖြစ်နိုင်ခြေရှိတယ်လို့ Chatham House နဲ့ ရုရှားနှင့် ယူရိုအေးရှား အစီအစဉ် ဒါရိုက်တာ ဂျိမ်းစ်နစ်ဆေက စက်တင်ဘာ ၁၃ ရက်က ပြောကြားလိုက်တာပါ။
မော်စကိုမြို့က ဗြိတိန်သံတမန်ခြောက်ယောက်ကို သူလျှိုမှုတွေနဲ့ ပတ်သက်တယ်လို့ ရုရှားထောက်လှမ်းရေးက စွပ်စွဲခဲ့ပြီး သံတမန်အသိအမှတ်ပြုမှုကို ရုတ်သိမ်းကာ ရုရှားအစိုးရက နှင်ထုတ်ခဲ့ပါတယ်။

ယူကရိန်းကို စစ်ရေးကူညီထောက်ပံ့မှုအတွက်ဆွေးနွေးဖို့ ဝါရှင်တန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီအာစတာမာနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ မတွေ့ဆုံခင် နာရီပိုင်းအလိုမှာ မော်စကိုက ဗြိတိန်သံတမန်တွေကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ဆောင်ရွက်ချက်ဟာ အခြေအမြစ်မရှိဘူးလို့ ဗြိတိန်က ပြောဆိုခဲ့ပါတယ်။
လန်ဒန်က ရုရှားကာကွယ်ရေးသံမှူးကို မေလက နှင်ထုတ်ပြီးနောက် ရုရှားသံတမန်အိမ်တွေကို သံတမန် အဆင့်အတန်း က ဖယ်ရှားခဲ့တာကို လက်တုံ့ပြန်တာသာ ဖြစ်တယ်လို့ ရုရှားဘက်က ဖော်ပြခဲ့ပါတယ်။
ယူကရိန်းကို အနောက် နိုင်ငံလုပ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်ကို တိုက်ခိုက်ခွင့်ပြုရင် နေတိုးအဖွဲ့က ရုရှားနဲ့ တိုက်ရိုက် တိုက်ခိုက်တယ်လို့ မှတ်ယူမှာဖြစ်ကြောင်း ရုရှားက စက်တင်ဘာ ၁၂ ရက်မှာ ပြောဆိုခဲ့ပါတယ်။