ရုရှားရဲ့ ပစိဖိတ်ရေတပ်နဲ့ တရုတ်ရေတပ်က စစ်သင်္ဘောတွေဟာ ပစိဖိတ်အနောက်ဘက်ရှိ အိုခေါ့စ်ခ် ပင်လယ်မှာ ပူးတွဲ ရေတပ်လေ့ကျင့်နေတယ်လို့ ရုရှား Interfax သတင်းအေဂျင်စီက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။
ပူးပေါင်းရေတပ်ဖွဲ့ဟာ ပူးပေါင်းစစ်ဆင်ရေး၊ ရန်သူပုံစံတု ပြုလုပ်ထားတဲ့ မောင်းသူမဲ့သင်္ဘောတန်ပြန်ရေး၊ သင်္ဘော တင် ရဟတ်ယာဉ်တွေ ပါဝင်မှုနဲ့ မြေပြင်အခြေအနေကို စောင့်ကြည့်စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ပစိဖိတ်ရေတပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုးကားပြီး တင်ပြခဲ့တာပါ။
၂၀၂၄ ခုနှစ် ရုရှား-တရုတ် ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လက်နက်တွေ ပါဝင်တဲ့ လေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။
ရုရှားရဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး အကြီးစားဖျက်သင်္ဘောနှစ်စင်းနဲ့ အမြန် တိုက်ခိုက်ရေး ကော်ဗတ်သင်္ဘောနှစ်စင်းတို့လည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တယ်လို့ Interfax သတင်းအေဂျင်စီက ပြောပါတယ်။
တရုတ်ဘက်က ဖျက်သင်္ဘောနှစ်စင်း၊ ဖရီးဂိတ်တစ်စင်းနဲ့ ပေါင်းစပ်ထောက်ပံ့ရေးသင်္ဘောတစ်စင်း ကိုယ်စားပြု ပါဝင်တယ်လို့ ဆိုပါတယ်။
ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ရှိ အိုခေါ့စ်ခ် ပင်လယ်ဟာ အရှေ့ဘက်က ရုရှားရဲ့ ကမ်ချက်ကာကျွန်းဆွယ်၊ အရှေ့တောင်ဘက်က ကူရီးလ်ကျွန်းတွေနဲ့ တောင်ဘက်က ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းတို့ကြားမှာ တည်ရှိပါတယ်။